ပို့ကုန်ရငွေပေးသွင်းရန် ကျန်ရှိသည့် လုပ်ငန်းရှင်များ ယခုနှစ်အတွင်း ပေးသွင်းပါက ၂၅-၇၅ ရာခိုင်နှုန်းအကျိုး ခံစားခွင့်ပြုမည်

0
20

ပြည်ပသို့ ပို့ကုန်တင်ပို့ပြီး ရငွေပေးသွင်းရန်ကျန်ရှိသည့် လုပ်ငန်းရှင်များကို ဖြေလျှော့သည့်အနေဖြင့် သတ်မှတ်ထားသည့် ယခုနှစ်ကာလအတွင်း ပေးသွင်းပါက ၂၅-၇၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်ပြုမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ရငွေများအပေါ် (၂၅) ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/ ၂၀၂၂) အရ မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်တွင် ထုတ်ပြန်သော အမိန့်ကြော်ငြာစာအမှတ်(၃၇/၂၀၂၄) ဖြင့်ပြင်ဆင်သတ်မှတ်ပေးပြီးဖြစ်သည်။

ယခုအခါ ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများပြန်လည်ဝင်ရောက်ရေး ဆောင်ရွက်ရာတွင်ဖြေလျှော့ပေးသည့်အနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်အထိ တင်ပို့ခဲ့သည့် ED များအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၉) ရက်မှ နိုဝင်ဘာလ (၃၀) ရက် အတွင်း ပြန်လည်ပေးသွင်းသော Exporter များအား ၂၅ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်း အချိုးဖြင့် ခံစားခွင့်ပြုမည်ဖြစ် ကြောင်း ကြေညာချက်အရ သိရသည်။

အဆိုပါ သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပါက ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုလည်းကောင်း ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကုမ္ပဏီဆိုင်ရာစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် အရေးယူခြင်းကိုလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခြင်းကိုလည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၈) ရက်က အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ ပို့ကုန်တင်ပို့သူများအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ (၃) ရက်မှ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၇) ရက်အထိ တင်ပို့ခဲ့သည့် ပို့ကုန်ရငွေများကို ဖြေလျှော့ပေးထားသည့် ကာလဖြစ်သည့် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၉)ရက်မှ နိုဝင်ဘာလ (၃၀) ရက်အတွင်း မပျက်မကွက်ပြန်လည်ပေးသွင်းကြရန် အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here