နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး အဓိကအကြောင်းရင်း (၃)ချက်ကြောင့်ကမ်းလှမ်းခြင်းဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ရှင်းလင်းပြောကြား

0
69

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်ရေး ဆက်သွယ်ဆောင်ရွက်ကြဖို့ ကမ်းလှမ်းဖိတ်ခေါ်ရသည်မှာ အဓိကအကြောင်းအရင်း(၃)ချက်ကြောင့်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာ ၂၇ ရက်က ပြောကြားခဲ့ပါသည်။

၎င်းက ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှင့်ပတ်သက်၍ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံရေးမသမာမှုလုပ်သည့် နိုင်ငံရေးပြဿနာဖြစ်သည်ဟု ဆိုသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနှင့် မဖြေရှင်းဘဲ ဒီမိုကရေစီ၏ဆန့်ကျင်ဘက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ကာ အကြမ်းဖက်မှုများကျူးလွန်ခြင်းကြောင့် နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးများစွာ ထိခိုက်ခဲ့ရသည့်အတွက် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ရသည်ဟု ပြောသည်။

“ဒီကြေညာချက်ထုတ်ပြန်ရခြင်း အကြောင်း အရင်းတွေကတော့ (၁) ယနေ့မြန်မာနိုင်ငံရဲ့အခြေအနေ၊ (၂) ပြောင်းလဲလာတဲ့ နိုင်ငံတကာ အခြေအနေ၊ (၃) ငြိမ်းချမ်းရေးကို လိုလားတဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များရဲ့ သဘောဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

ယနေ့မြန်မာနိုင်ငံ၏အခြေအနေမှာ ပါတီစုံဒီမိုကရေစီစနစ်ကိုပြန်သွားနိုင်ရန် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည့်အတွက် ပြည်သူ့အစိုးရကို ပြည်သူလူထုက လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရန်နှင့် နှစ် ၅၀/ ၁၀၀ အတွင်း အဆိုးရွားဆုံးဖြစ်ခဲ့သည့် ရေကြီးရေလျှံမှု သဘာဝဘေးဒဏ်များကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ အမြန်လုပ်ဆောင်ရန်အတွက် တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်နိုင်ရန် အရေးကြီးသည်ဟု ၎င်းကပြောသည်။

ဒုတိယအချက်အနေဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၊ ဒေသတွင်းအင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားပြိုင်ဆိုင်မှုသည် ပိုမိုများပြားပြင်းထန်လာသည့်အတွက် ပြည်တွင်းစည်းလုံးညီညွတ်မှုယိုင်နဲ့နေပါက နိုင်ငံတကာပြိုင်ဆိုင်မှုများအကြားတွင် နိုင်ငံပါပျောက်သွားနိုင်သည်အထိ အန္တရာယ်ကြီးမားလာခြင်းကြောင့် ပြည်တွင်းညီညွတ်မှုကို ဦးတည်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးအချက်နှင့်ပတ်သက်၍ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးက နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော်အကြီးအကဲများထံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မြှင့်တင်ဆောင်ရွက်ရန် အကြံပြု၊ ဆန္ဒပြုကြသကဲ့သို့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ကာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များနဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားမှုအရ NUG, PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စက်တင်ဘာလ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ၇၅ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး၊ ရဟန်း သံဃာ ၈၄ ပါး အပါအဝင် အပြစ်မဲ့ပြည်သူ ၆၇၀၀ ကျော် ‌ေ-သဆုံးခဲ့ရပြီး၊ ဗုံးဖောက်ခွဲမှု ၉၀၀၀ ကျော်ဖြစ်ပွားခဲ့ကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ စက်ရုံ၊ အလုပ်ရုံ၊ ဘဏ်များ၊ လူနေအိမ်များအပါအဝင် အခြေခံအဆောက်အဦ မီးရှို့ဖျက်ဆီးခဲ့မှု ၁၃၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here