နောင်တရားဒေသအတွင်း ဒေသခံများ သွားလာရေး အဆင်ပြေစေရန် နောင်လင်-သံတောင်-ပင်ခင်လမ်းပိုင်းကို ဦးစားပေးအစီအစဉ်ဖြင့် ယာယီတည်ဆောက်ပေးသွားမည်

0
15

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း ဒေသခံများ သွားလာရေး အဆင်ပြေစေရန် နောင်လင် – သံတောင်-ပင်ခင်လမ်းပိုင်းကို ဦးစားပေးအစီအစဉ်ဖြင့် ယာယီတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း နောင်တရားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ပင်လောင်းမြို့နယ် နောင်တရားဒေသအတွင်း၌ သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများ ပြန်လည်ပြုပြင်နိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မင်းထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြေပြင်အခြေအနေများကို စက်တင်ဘာ (၂၈) ရက်တွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မွေးပြင်ကျေးရွာအုပ်စုနှင့် ပင်ခင်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၃၇) ရွာမှ လူဦးရေ (၁၀၀၀၀) ကျော် အသုံးပြုနေသည့် နောင်မူ-ပင်ခင် ကတ္တာယာလမ်း ပေ (၁၂၂၀) ခန့် ရေတိုက်စားခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့ရာ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျေးရွာများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစွာအမြန်ဆုံး သွားလာနိုင်ရေး နောင်လင်-သံတောင်-ပင်ခင်လမ်းပိုင်းမှ ပြိုကျပျက်စီးနေသည့် မြေသားများ ဖယ်ရှားပေးကာ တံတားများကို ဦးစားပေးအစီစဉ်ဖြင့် ယာယီတည်ဆောက်ပေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် လမ်းပိုင်းများကို အဆင့်ဆင့်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း စက်တင်ဘာ(၉) ရက်မှ (၁၂) ရက်အထိ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခြင်းကြောင့် ကျေးရွာများရှိ လူနေအိမ်များနစ်မြုပ်ခြင်း၊ လမ်းတံတားများနှင့် စိုက်ပျိုးသီးနှံများ ရေလွှမ်းမိုးခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here