တရုတ်နှင့်တောင်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်သင့်–ဝမ်ယိ

0
18

ကုလသမဂ္ဂ၊စက်တင်ဘာ ၂၉

ကမ္ဘာလုံးဆိုင်ရာ မငြိမ်သက်မှုများမြင့်တက်လာနေပြီး တစ်ဖက်သတ်ဝါဒများနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒများ ကြီးထွားလာချိန်၌ အိမ်နီးချင်းများဖြစ်ပြီး အဓိကမိတ်ဖက်နိုင်ငံများလည်းဖြစ်သည့် တရုတ်နှင့်တောင်ကိုရီးယားတို့သည် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်သင့်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိကပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သည့် မစ္စတာဝမ်သည် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အစောပိုင်းမှစ၍ တရုတ်နှင့်တောင်ကိုရီးယားအကြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုများပြားလာပြီး အပြုသဘောဆောင်သည့်တိုးတက်မှုများရှိလာကာ နှစ်နိုင်ငံကြိုးပမ်းအားထုတ်မှုများသည် အလားအလာကောင်းသည့်ရလဒ်များနှင့်အတူ လမ်းမှန်ပေါ်ရောက်လာကြောင်း သိသာပါသည်ဟုလည်း ၎င်းကဆိုခဲ့သည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးမူများကို ကတိကဝတ်များဆက်လက်ထားရှိကာ အပြန်အလှန်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်မှုများ ကိုဆက်လက်လုပ်ဆောင်နေသရွေ့ တရုတ် – တောင်ကိုရီးယားဆက်ဆံရေးသည် ရေရှည်တည်တံ့နေမည်ဖြစ်သည်ဟုပြောကြားခဲ့သည်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကမူ တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်ပြည့်အတွက် ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားခဲ့ပြီး တောင်ကိုရီးယား-တရုတ်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်စေလိုကြောင်း ကို လည်း ပြောကြားခဲ့သည်။

နှစ်ဘက်စလုံးအနေဖြင့် အပြုသဘောဆောင်သည့် ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းထားကာ အဆင့်မြင့်ဖလှယ်မှုများအားကောင်းလာစေပြီး နှစ်နိုင်ငံကြား တည်ငြိမ်သည့်ဆက်ဆံရေးဖြင့် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန်မျှော်လင့်သည်ဟုပြောကြားခဲ့သည်။

တောင်ကိုရီးယားအနေဖြင့် တရုတ်နှင့် စီးပွားရေး၊ကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ရန်ဆန္ဒရှိပြီး ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုကို ပူးတွဲမြှင့်တင်ရန်ဆန္ဒရှိကြောင်းကိုပါ ထုတ်ဖော်ပြောကြားခဲ့သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here