KARATHON မုန်တိုင်းအရှိန်ကြောင့် (၄၈) နာရီအတွင်း စစ်ကိုင်း၊ မန္တလေး၊ ရှမ်းရှေ့နှင့် မြောက်ပိုင်းတို့တွင် မိုးပိုများလာနိုင်

0
38

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းနှင့် ထိုင်ဝမ်ကျွန်းကြား ရောက်ရှိနေပြီး အရှေ့-အရှေ့မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားသွားမည်ဟု ခန့်မှန်းထားသည့် KARATHON မုန်တိုင်းအရှိန်ကြောင့် (၄၈) နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် မိုးပိုများလာနိုင်ကြောင်း ပြင်ပ မိုးလေဝသပညာရှိ ဦးဝင်းနိုင် က လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေးလိုက်သည်။

သို့သော် မုန်တိုင်းအကြွင်းအကျန် လေပွေလှိုင်းကဲ့သို့ ဝင်ရောက်လာသည့် မိုးတိမ်များ မဟုတ်သောကြောင့် အလွန်အမင်း စိုးရိမ်စရာ မလိုဘဲ မိုးအားမကောင်းနိုင်ကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာ (၃၀) ရက်၊ ည (၁၀) နာရီမှ အောက်တိုဘာ (၂) ရက် ည (၁၀) နာရီအထိ (၄၈) နာရီအတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ပြီးခဲ့သည့် ခန့်မှန်းချက်ထက် မိုးပိုများလာနိုင်ပြီး ရေကြီးနိုင်သည့် အန္တရာယ်အပြင် တောင်ကျချောင်းရေနှင့် တောင်ပြို-မြေပြိုဖြစ်နိုင်မည့် အန္တရာယ် ပိုများလာနိုင်ကြောင်း ၎င်းက ရေးသားထားသည်။

စက်တင်ဘာ (၃၀)ရက် နံနက် (၉) နာရီ ECMWF MODEL မှ ရရှိသည့် အချက်လက်များအရ (၄၈) နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီး တောင်ပိုင်း၊ မြိတ်မြို့အောက်ဘက်ဒေသများမှ အပ တစ်နိုင်ငံလုံးတွင် မိုးရွာသွန်းမှု များပြားနိုင်ကြောင်း ဦးဝင်းနိုင်က ရေးသားထားသည်။

မိုးရေချိန်အများဆုံး (၄) လက်မ (၅) လက်မ ဝန်းကျင်ခန့်သာ နေရာကွက်မိုးများနိုင်ပြီး မိုးတိမ်တောင်များ ရွေ့လျားဝင်ရောက်မှုကြောင့် စိုက်ဆင်း လေပြင်း အန္တရာယ်ကို သတိထားကြရန် လိုအပ်ကြောင်း ၎င်းက သတိပေးရေးသားထားသည်။

ယခင် ရေကြီး၊ ရေလျှံမှု ဖြစ်ပေါ်ခဲ့သည့် ဒေသများတွင် မိုးမများနိုင်သော်လည်း အောက်ခံမြေ စိုအိနေဆဲဖြစ်ခြင်းကြောင့် မြေပြို/တောင်ပြိုခြင်း ထပ်မံဖြစ်ပွားနိုင်ပြီး တောင်ကျချောင်းရေ ရုတ်တရက် ကျဆင်းနိုင်သောကြောင့် သတိထားကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ မိုးရွာသွန်းမှုများပြားနိုင်သည့် အခြေအနေများမှာ အောက်တိုဘာ (၅) ရက် နောက်ပိုင်းတွင် လွန်မြောက်နိုင်ပြီဖြစ်ခြင်းကြောင့် မိုးနှောင်းကာလ/ မိုးလွန်ကာလများတွင် အခါလွန်မိုး(ဖျက်မိုး)များ ဝင်ရောက်လာနိုင်မည့် အခြေအနေမှ လျော့ပါးသွားနိုင်ကြောင်း ဦးဝင်းနိုင်က ကြိုတင်သုံးသပ်ခန့်မှန်းထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here