ဟွေထိုက် အသေးစားရေအား လျှပ်စစ်စီမံကိန်းပြီးစီးပါက လဟယ်မြို့အနီးဝန်းကျင်ကျေးရွာများသို့ နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀ ကီလိုဝပ်ကျော် ထုတ်လုပ်ပေးနိုင်မည်

0
18

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂဒေသ၊ လဟယ်မြို့အနီးဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ရည်ရွယ်တည်ဆောက်နေသည့် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀.၃၁၈ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဟု သိရသည်။

အဆိုပါ စီမံကိန်းနေရာသို့ စက်တင်ဘာလ (၂၉)ရက်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများမှ သွားရောက်၍ ပင်မတမံ၊ ရေသွယ်မြောင်း၊ ရေလွှဲရေထုတ်ပြွန် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟွေထိုက်ချောင်းပေါ်တွင် ရေထိန်းတမံတစ်ခုတည်ဆောက်၍ ရေသိုလှောင်ပြီးရရှိလာမည့် ရေအားအမြင့်ကို အသုံးပြုလျက် ၄ မဂ္ဂါဝပ် တပ်ဆင်စက်အင်အားရှိ လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ကာ နှစ်စဉ်လျှပ်စစ်ဓါတ်အား ၂၀.၃၁၈ ကီလိုဝပ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ဟွေထိုက် အသေးစား ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးကောင်းမွန်စွာဖြင့် စံချိန်စံညွှန်းပြည့်မီ၍ သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေး၊ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီရောက်ရှိရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးပေးဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လဟယ်မြို့နေ ပြည်သူများ သောက်သုံးရေအဆင်ပြေစေရန် တစ်ရက်လျှင် ရေဂါလံ ၁၅၀၀၀၀ ခန့် ထွက်ရှိသည့် စိမ့်စမ်းရေအား ဆည်ပိတ်ကာ ပြန်လည်တူးဖော်ခဲ့သည့် အကျယ် (၃) ဧက ကျော်နှင့် အနက် (၁၂) ပေရှိ ရေဂါလံ (၉၈)သိန်းကျော် သိုလှောင်ထားနိုင်သည့် မိုးဒါန်းကန် ဆောင်ရွက်ပြီးစီးမှုကိုလည်း စစ်ဆေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here