ရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ရဲတပ်ဖွဲ့ဝင်(၄)ဦးကို နစက ဥက္ကဋ္ဌမှ ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့်

0
42

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသည့် ရဲတပ်ဖွဲ့ဝင်(၄)ဦးကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့ အောက်တိုဘာ ၁ ရက်နံနက်ပိုင်းတွင် ကျင်းပသည့် နှစ်(၆၀) ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားတွင် ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များ၏တာဝန်ထမ်းဆောင်မှုကို နိုင်ငံတော်က အလေးထားအသိအမှတ်ပြု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကို စိစစ်ချီးမြှင့်ပေးလျက်ရှိသည်ဟု ၎င်းက မိန့်ခွန်းပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့သည်။

” မိမိကျရာကဏ္ဍမှာ တာဝန်ကျေပွန်စွာထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ရတဲ့ ကိုယ်အင်္ဂါအ စိတ်အပိုင်းစွန့်လွှတ်သွားခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇွဲ၊ လုံ့လ၊ စိတ်ဓာတ်၊ ကြိုးပမ်းမှုတွေအ ပေါ်မှာလည်း ဂုဏ်ယူလေးစားအသိအမှတ်ပြုပါတယ်”ဟု ပြောသည်။

ရဲတပ်ဖွဲ့များအနေဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံတည်ငြိမ်မှုရှိစေရေး ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် လက်တွဲပူးပေါင်းရန် လိုအပ်သည်ဟု မှာကြားသည်။

” သစ္စာ၊ သမာဓိ၊ သတ္တိ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြည်သူကအထင်ကြီးလေးစားပြီး ဂုဏ်ယူအားကိုးရတဲ့ စွမ်းရည်ရှိတဲ့ ရဲတပ်ဖွဲ့ဖြစ်စေဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံးက စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ကြိုးပမ်းထမ်းဆောင်သွားကြရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်းမှာကြားခဲ့သည်။

အခမ်းအနားတွင် နစက တွဲဖက်အတွင်းရေးမှူးဗိုလ်ချုပ်ကြီးရဲဝင်းဦးက စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ(၃)ဦး၊ နစက အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး ရာပြည့်က စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ(၂)ဦးနှင့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်တံဆိပ်ရရှိသူ(၁)ဦးတို့ကိုလည်း ဂုဏ်ထူးဆောင်ဆုများပေးအပ်ချီးမြှင့်ခဲ့သည်ဟု သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိနှင့်စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များကိုချီးမြှင့်ခဲ့ရာ ရဲသူရတံဆိပ်(၁၀)ဦး၊ ရဲဗလတံဆိပ်(၁၃၂)ဦး၊ ရဲကျော်သူတံဆိပ်(၂)ဦး၊ လူမှုထူးချွန်တံဆိပ်(ဒုတိယအဆင့်) ၁ ဦး၊ ရဲမှုထမ်းကောင်းတံဆိပ် (၃၈၉)ဦး၊ နိုင်ငံတော်ရဲမှုထမ်းတံဆိပ်(၇၈၆)ဦး၊ မြန်မာနိုင်ငံရဲပူးတွဲတိုက်ပွဲဝင် တံဆိပ်(၂၇၆၅)ဦး၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်(၆၇)ဦး၊ ပြည်သူ့ ဝန်ထမ်းတံဆိပ်(၅၇)ဦး၊ ငြိမ်ဝပ်ပိပြားရေးနှင့်တရားဥပဒေစိုးမိုးရေးတံဆိပ်(၅၆၄၂)ဦး(စုစုပေါင်း ၉၈၅၁ ဦး)ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here