အစ္စရေးကို တိုက်ခိုက်သဖြင့် အီရန်အမှားကြီးမှားသွားပြီဖြစ်ကာ ၎င်းအတွက် ပြန်လည်ပေးဆပ်ရမည်ဟု နေတန်ယာဟု သတိပေး

0
48

အီရန်နိုင်ငံက အစ္စရေးနိုင်ငံအားဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုသည် ကြီးမားသော အမှားကို ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်းနှင့် အီရန်အနေဖြင့် ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတိပေးပြောကြားလိုက်သည်။

“အီရန်ဟာ ဒီနေ့မှာ အမှားကြီးမှားသွားခဲ့ပါပြီ။ အဲဒီအတွက် ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။ အီရန်အစိုးရဟာ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ဆိုတာနဲ့ ရန်သူတွေကို လက်စားချေဖို့ဆိုတာကို ကွဲကွဲပြားပြား နားမလည်ပါဘူး” ဟု သူက ရုပ်မြင်သံကြားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ကျုပ်တို့ ချမှတ်ထားတဲ့ ဥပဒေသအတိုင်း တုန့်ပြန်သွားမှာပါ။ ဘယ်သူက ကျွန်တော်တို့ကို တိုက်ခိုက်သည်ဖြစ်စေ ကျွန်တော်တို့က ပြန်တိုက်မှာပါပဲ” ဟု ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

အီရန်တို့၏ တိုက်ခိုက်မှုမှာလည်း မအောင်မြင်ကြောင်း နေတန်ယာဟုက ပြောကြားခဲ့သည်။

“ဒီတိုက်ခိုက်မှုက မအောင်မြင်ပါဘူး။ ကမ္ဘာပေါ်မှာ အဆင့်အမြင့်ဆုံးဖြစ်တဲ့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကြောင့် မအောင်မြင်ခဲ့ပါဘူး” ဟု သူက ပြောကြားခဲ့သည်။ “ကျုပ်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်မှာ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။”ဟုလည်း သူကဖြည့်စွက်ပြောကြားခဲ့သည်။

အောက်တိုဘာ ၁ ရက်နေ့ ညပိုင်းမှစတင်၍ အီရန်က ဒုံးကျည် ၅၀၀ နီးပါး ခန့်ဖြင့် အစ္စရေးနိုင်ငံအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးနိုင်ငံက ကနဦးသတင်းထုတ်ပြန်ခဲ့ကာ နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုသတိပေးချက်ထုတ်ပြန်ခဲ့ပြီး ပြည်သူများအား အမိုးအကာများတွင် ခိုလှုံရန် အမိန့်ပေးခဲ့သည်။ နောက်ဆုံးရရှိသော အချက်အလက်များအရ အီရန်တို့သည် ဒုံးကျည် ၁၈၀ ခန့်ကို အစ္စရေးဘက်သို့ ပစ်လွှတ်ခဲ့သော်လည်း အများစုမှာ ကြားဖြတ်ပစ်ချခြင်း ခံခဲ့ရသည်ဟု အစ္စရေးက ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here