နျူကလီးယားလက်နက်ဆိုင်ရာ စာချုပ်သစ်အတွက် အမေရိကနှင့် မဆွေးနွေးနိုင်ဟု ရုရှား ပြောကြား

0
24

၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်မည့် နှစ်ဖက်စလုံး၏ မဟာဗျူဟာ နျူကလီးယားလက်နက်များ ကန့်သတ်ရေး သဘောတူညီချက်ကို အစားထိုးမည့် အမေရိကနှင့် စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ရေးဆိုင်ရာ ဆွေးနွေးမှုကို ရုရှားက လုပ်ဆောင်မည်မဟုတ်ဟု ဆိုသည်။ ယင်းမှာ အခြားနိုင်ငံတွေကိုပါ အကျူံးဝင်စေရေး တိုးချဲ့ရန်နှင့် ပိုမိုကျယ်ပြန့်သည့် စာချုပ်ဖြစ်ရေးလိုအပ်ချက်အရဟု ခရင်မလင်က အောက်တိုဘာ ၁ ရက်တွင် ပြောဆိုသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် သက်တမ်းကုန်မည်ဖြစ်သောကြောင့် မဟာဗျူဟာမြောက် လက်နက်များ လျှော့ချရေးစာချုပ်သစ် သို့မဟုတ် New START ၏ အလားအလာနှင့် ပတ်သက်၍ မေးမြန်းမှုကို ခရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်ရှ်ကော့ဗ်က ဖြေကြားခဲ့ခြင်းဖြစ်သည်။

သဘောတူညီချက်အရ အမေရိကနှင့် ရုရှားတို့ ဖြန့်ကျက်နိုင်သည့် မဟာဗျူဟာမြောက် နျူကလီးယားလက်နက် အရေအတွက်၊ မြေပြင်နှင့် ရေငုပ်သင်္ဘောအခြေပြု ဒုံးကျည်များနှင့် နျူလက်နက်များကို သယ်ဆောင်နိုင်သည့် ဗုံးကြဲလေယာဉ်များ ဖြန့်ကျက်မှုကို ကန့်သတ်ထားသည်။ အဆိုပါ သဘောတူညီချက်သည် အမေရိကနှင့် ရုရှားအကြား နျူကလီးယားလက်နက်များ ထိန်းချုပ်မှုတွင် နောက်ဆုံးကျန်ရှိသော အရံအတားဖြစ်သည်။

အမေရိက,က ယူကရိန်းအပေါ် ပံ့ပိုးနေမှုများကြောင့်ဟုဆိုကာ သမ္မတ ဗလာဒီမာပူတင်သည် ၂၀၂၃ ခုနှစ်တွင် ယင်းစာချုပ်၌ ရုရှားပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။ သို့ရာတွင် မော်စကိုသည် သဘောတူညီချက်အရ ချမှတ်ထားသည့်အတိုင်း ထိပ်ဖူး၊ ဒုံးကျည်နှင့် ဗုံးကြဲလေယာဉ်များ၏ ကန့်သတ်ချက်ကို ဆက်လက်ထားရှိခဲ့သည်။

ဝါရှင်တန်သည် စစ်ပွဲတွင် ယူကရိန်းကို ကျောထောက်နောက်ခံပေးနေသည့်အတွက် အမေရိကနှင့် စာချုပ်သစ်အတွက် ရုရှားက လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း အမည်မဖော်သည့် ရုရှား အကြီးတန်း သတင်းရင်းမြစ်တစ်ဦးကို ကိုးကား၍ Izvestia သတင်းစာက အောက်တိုဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။

Ref: Aol.


LEAVE A REPLY

Please enter your comment!
Please enter your name here