ကင်းတားရေလှောင်တမံ လက်ခံနိုင်သည့် ရေပမာဏကျော်လွန်နေ၍ ‌ဖောက်ချမည်ဖြစ်သော်လည်း စိုးရိမ်ရသည့် အခြေအနေမရှိ

0
27

မန္တလေးတိုင်း၊မြစ်သားမြို့နယ်အတွင်းရှိ ကင်းတားရေလှောင်တမံတွင် လက်ခံနိုင်သည့် ရေပမာဏထက်‌ကျော်လွန်‌နေ၍ ရေထိန်းတံခါး (၄) ပေါက် ဖွင့်မည်ဖြစ်သောကြောင့် ရေထပ်မံမြင့်တက်လာမည်ဖြစ်သဖြင့် ပန်း‌လောင်မြစ်ကမ်းဘေး ကျေးရွာအုပ်စုများ၌ နေထိုင်သူများအနေဖြင့် ကုန်းမြင့်ရာဒေသသို့ ပြောင်းရွှေ့နေထိုင်ကြရန် မြစ်သားမြို့နယ် မီးတပ်သတ်ဖွဲ့က ယမန်နေ့ အောက်တိုဘာ (၁)ရက်တွင် လိုက်လံ အသိပေးနှိုးဆော်ထားသည်။

အဆိုပါ ကင်းတား ရေလှောင်တမံသည် ဆည်ရေပြည့်အမှတ် ၆၇၇ ဒဿမ ၃၂ ပေ ရှိပြီး
လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ရေပိုလွှဲရေတံခါးမှ ယခင် ၁ ဒဿမ ၆၄ ပေ (၂) ပေါက်ဖွင့်ချထားရာမှ အောက်တိုဘာ (၁) ရက် မွန်းလွဲပိုင်းအချိန်မှစ၍ နောက်ထပ် ရေပိုလွှဲရေတံခါး
၁ ဒဿမ ၆၄ ပေ ရေထွက်ပေါက် (၄) ပေါက် ထပ်မံရေထုတ်လွှတ်မည်ကြောင်း သိရသည်။

လက်ရှိ ဆည်ရေလွှတ်ခြင်းနှင့်ပတ်သက်၍ ဒေသအတွင်းစိုးရိမ်ရသည့် အခြေအနေမရှိသေးကြောင်းနှင့် ပြောင်းရွှေ့ရသည့်ဒေသခံပြည်သူများလည်းမရှိသေးကြောင်း အမည်မဖော်လိုသည့် ဒေသတွင်းအာဏာပိုင်တစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြောသည်။

” လောလောဆယ်မှာ စိုးရိမ်စရာမရှိပါဘူး။ ဒီအတွက်လည်း ကျွန်တော်တို့ ပြည်သူကိုအသိပေးထားသင့်တာဖြစ်တဲ့အတွက် နှိုးဆော်ရတာပါ။ လွှတ်တယ်ဆိုတာကလည်း ထိန်းလွှတ်တာပါ”ဟု ၎င်းက ဆိုသည်။

မိုးရွာသွန်းသည့် အပေါ်မူတည်၍ ဆောင်ရွက်နေကြရခြင်းဖြစ်ပြီး စိုးရိမ်ရသည့်အခြေအနေ ဖြစ်ပေါ်လာပါကလည်းဒေသတွင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအဖွဲ့များ အဆင်သင့်ရှိနေကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

လက်ရှိ ပန်းလောင်မြစ်ကမ်းနဘေးတွင် ကျေးရွာအုပ်စု (၈၀) ရှိကျော်ရှိပြီး ယာယီ ပြောင်းရွှေ့ရန် မလိုအပ်သေးကြောင်းလည်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here