အင်ဒိုနီးရှားက လက်ဘနွန်ရောက် နိုင်ငံသားများကိုကယ်ထုတ်မည်

0
33
A picture taken during a tour organised by Hezbollah media office on October 2, 2024 shows a view of the destruction due to Israeli airstrikes on a neighbourhood in Beirut's southern suburbs. (Photo by AFP)

ဂျကာတာ၊အောက်တိုဘာ ၂

အရှေ့အလယ်ပိုင်း၌ အစ္စရေး၏တိုက်ခိုက်မှုများ ပြင်းထန်လာသဖြင့် လက်ဘနွန်ရောက် အင်ဒိုနီးရှားနိုင်ငံသားများကို ချက်ချင်း ကယ်ထုတ် ပေးရန် အင်ဒိုသမ္မတဂျိုကိုဝီဒိုဒိုက တောင်းဆိုခဲ့ကြောင်းသိရသည်။

သမ္မတကအရှေ့ Nusa Tenggara ပြည်နယ်သို့သွားသည့် အလုပ်သဘောခရီးစဉ်အတွင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ရတ်ထ်နိုမာဆူဒီအနေဖြင့် အခြေအနေနှင့်ပတ်သက်၍ လိုအပ်သည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် ညွှန်ကြားထားခဲ့ကြောင်း ၎င်းကပြောကြားခဲ့သည်။

လက်ဘနွန်ရှိ အင်ဒိုနီးရှားနိုင်ငံသားများကို အကာအကွယ်ပေးရေးနှင့် ဘေးကင်းရေးကိုသာ ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း သမ္မတကအလေးပေးပြောကြားခဲ့သည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂကြားဖြတ်တပ်ဖွဲ့တွင်ပါဝင်သည့် အင်ဒိုနီးရှားစစ်တပ်မှ အမှုထမ်းများနှင့် သံရုံးဝန်ထမ်းများမပါ အင်ဒိုနီးရှားနိုင်ငံသား၁၅၀ ထက်မနည်း လက်ဘနွန်၌ နေထိုင်နေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အရှေ့အလယ်ပိုင်းရှိ တင်းမာမှုများနှင့်ပတ်သက်သည့် နောက်ဆုံးအခြေအနေနှင့် ပဋိပက္ခတိုးမြင့်လာမှုများကို တုန့်ပြန်ရာတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် သက်ဆိုင်ရာအားလုံးကို အင်ဒိုနီးရှားကတိုက်တွန်းထားသည်ဟုလည်းသိရသည်။

ထိုနေ့တွင်ပင် အီရန်သည် ရာနှင့်ချီသောဒုံးကျည်များကို အစ္စရေးသို့ပစ်လွှတ်ခဲ့သဖြင့် အစ္စရေးဘက်ကလက်ဘနွန်ကို မြေပြင်ထိုးစစ်ဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

Source : ရှင်းဟွာ


LEAVE A REPLY

Please enter your comment!
Please enter your name here