ရွှေဆံပင်အဖွဲ့ အင်းလေးနှင့် လွိုင်ကော်ဒေသသို့ သွားရောက်လှုဒါန်းမည်

0
25

ရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လဦးဆောင်သည့် ရေဘေးကူညီကယ်ဆယ်ရေးအဖွဲ့သည်
အင်းလေးရှိ ရေဝင်ဒေသနှင့် ကယားပြည်နယ် လွိုင်ကော်ဒေသများသို့ သွားရောက်လှုဒါန်းရန်
စီစဉ်နေကြောင်း သိရသည်။

“အလှူရှင်အရောက်နည်းတဲ့ အင်းလေး ရွာတွေက အိမ်ထောင်စု (၁၀၀၀)ကျော်ကို ဆန်၊ ခြင်ထောင်နဲ့ စားစရာတွေ၊ Solar မီးသီး၊ ကာဘော်လစ်ဆပ်ပြာနဲ့ ဆေးတွေကို တစ်အိမ် (၅၀၀၀၀) ကျပ်ဖိုး နဲ့ကျပ်သိန်း (၅၀၀) ဖိုး လှူဒါန်းမှာပါ။ ကယား ပြည်နယ်၊ လွိုင်ကော်ဖက်က မိသားစု (၅၀၀) ကိုတော့ ဘာရချင်လဲမေးကြည့်တော့ စစ်ဘေးရှောင်နေရတာကြာပြီ ဖြစ်လို့ အများစုက အိမ်လခပေးဖို့တောင် ခက်ခဲနေကြတယ်ပြောကြပါတယ်။ အဲဒါကြောင့် အိမ်ထောင်စု (၅၀၀) ကို တစ်အိမ် ကျပ် (၅၀၀၀၀) နှုန်းနဲ့ ကျပ်သိန်း (၂၅၀) လှူပေးမှာပါ” ဟု အရှင်ဝေပုလ္လကမိန့်ကြားသည်။

ရွှေဆံပင်အဖွဲ့ အင်းလေးဒေသ ရေဘေးလှူဒါန်းမှုအဆင်ပြေရန်အတွက် ဦးအာစိဏ္ဏာလင်္ကာရ ဦးဆောင်သော ရှေ့ပြေးလေ့လာစာရင်းကောက်အဖွဲ့သည် အင်းလေးဒေသသို့ ရောက်ရှိကာ စာရင်းကောက်ယူနေပြီဖြစ်ပြီး သောက်ရေရှားပါးနေသည့် မြေနီကုန်းရွာကို ရွှေဆံပင်အဖွဲ့က Solar နှင့် ရေသန့်စက် တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Save The Needy အဖွဲ့ နှင့် အလှူရှင်များမှ တစ်ရက်လျင် ရေသန့် လီတာ (၂၀၀၀)ကျော် ထုတ်ပေးနိုင်မည့် သိန်း (၇၀) တန်ဖိုးရှိ Solar နှင့် ရေသန့်စက် လှူဒါန်းထားပြီး အင်းလေးမှ ရေတွင်းတူးမရသည့် မြေနီကုန်းရွာကို လှူပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေဆံပင်အဖွဲ့အနေဖြင့် အင်းလေးဒေသနှင့်လွိုင်ကော်ဒေသသို့ အောက်တိုဘာလ (၅)ရက်တွင် သွားရောက်လှုဒါန်းကြရန် စီစဉ်ထားပြီး ဖုန်းနံပါတ် ၀၉၇၇၇၀၀၀၅၂၈/၉ နှင့် ၀၉ ၄၀၀၄၇၁၄၂၂ (Kpay) များသို့ ဆက်သွယ်ကာ ပါဝင်လှုဒါန်းနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here