တစ်လနီးပါးကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် ပင်လောင်း-နေပြည်တော်လမ်းပိုင်း ပြန်လည် သွားလာနိုင်ပြီဖြစ် ဟုဆို

0
7

မိုးရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများဖြစ်ပွားခဲ့သည့် ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော်လမ်းပိုင်းမှာ စက်တင်ဘာ (၂)ရက်နေ့မှစတင်၍ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းမှာ စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းမှတစ်ဆင့် နောက်ဆက်တွဲမြေပြိုကျမှုများကြောင့် တစ်လနီးပါးကြာ သွားလာ၍ မရဘဲ၊ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်ခဲ့ရခြင်းဖြစ်သည်။

“အခု ကားကြီးကားသေးရော ဆိုင်ကယ်အားလုံး သွားလို့ရနေပါပြီ။ မနေ့က စပြီးသွားလို့ရတာပေါ့။ သွားလို့လာလို့ရတော့လည်း ကုန်ပစ္စည်းတွေ ပြန်ဝင်ရင် ဈေးနည်းနည်းကျလာမှာပေါ့။ ကျန်တာကတော့ ထူးခြားတာမရှိပါဘူး”ဒေသတွင်း သွားလာခဲ့သည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့၌ သြဂုတ်(၁)ရက်မှ စတင်ရွာသွန်းခဲ့သော မိုးရေချိန်သည် နှစ်ပေါင်း(၅၆)နှစ်တာ ကာလအတွင်း စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့‌ကြောင်း မိုး/ဇလ၏ အချက်အလက်များအရ သိရသည်။

အဆိုပါ လမ်းပိုင်း သွားလာရေးပြတ်တောက်ခဲ့သည့်အတွက် ဒေသတွင်း စားသောက်ကုန်စည်များအပြင် လူသုံးကုန်ပစ္စည်းများပြတ်လပ်ခဲ့ရသည့်အပြင် ကုန်စျေးနှုန်းမှာလည်း ယခင် စျေးနှုန်းထက် အဆမတန်မြင့်တက်လာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပင်လောင်းမြို့၏ တောင်ဘက် ဗန်းမောက် ၊ နမ့်ဖာမူ ၊ နောင်ဝိုးလွယ်ကျေးရွာတို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စတင်၍ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ဓာတ်ပုံ-CJ


LEAVE A REPLY

Please enter your comment!
Please enter your name here