မည်သည့်အစိုးရ တက်သည်ဖြစ်စေ ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု PNA ပြော

0
30

မည်သည့် အစိုးရတက်သည်ဖြစ်စေ ကောင်းမွန်သော ညှိနှိုင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပအို့ဝ့်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNA)ဒု-စစ်ဦးစီးချုပ် ခွန်ဝင်းထွန်းက ပြောကြားသည်။

ပြီးခဲ့သော စက်တင်ဘာလ(၃၀)ရက်က
PNO/PNA ထိန်းချုပ်ဒေသ အထူးဒေသ(၆) မြင့်မိုရ်တိုင်း၊ ရန်ကင်းစစ်ဒေသအတွင်း အခြေခံ ပအိုဝ်းပြည်သူ့စစ်သင်တန်းဆင်းပွဲတွင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

“မည်သည့်အစိုးရတက်တက် တက်လာတဲ့ အစိုးရနဲ့ အဆင်ပြေအောင် လက်တွဲနိုင်အောင် အတတ်နိုင်ဆုံး ဥပဒေနဲ့ လိုက်လျောညီထွေစွာဆောင်ရွက်နိုင်ဖို့ နေထိုင်ခဲ့သော လူမျိုးများဖြစ်သလို ကျွန်တော်တို့ PNO အဖွဲ့အစည်းအနေနဲ့ကလည်း မည်သည့်အစိုးရတက်တက် တက်လာတဲ့အစိုးရနဲ့ကောင်းမွန်သော တိုးတက်မှုတွေရအောင်ညှိနှိုင်းခြင်း ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ဆောင်ခြင်းတွေဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ” ဟု ၎င်းက ပြောသည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံအစိုးရ၏ ဥပဒေ အောက်တွင် တပ်မတော်ဖြစ်စေ ၊ ငြိမ်းချမ်းရေးအဖွဲ့ဖြစ်စေ၊ ပြည်သူဖြစ်စေ လိုက်နာဆောင်ရွက်ရမည်ဖြစ်သလို အစိုးထံသို့လည်း လိုအပ်ချက်များအား ပွင့်လင်းစွာဆွေးနွေးတင်ပြနိုင်ရမည်ဖြစ်ကြောင်း ဆိုသည်။

PNO/PNA ၏ အခြေခံ ပအိုဝ်းပြည်သူ့ စစ်သင်တန်းဆင်းပွဲအတွင်း အင်အား (၂၀,၀၀၀)ကျော်ဖြင့် စစ်ရေးပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရှမ်း/တောင် တောင်ကြီးမြို့နယ် ပေါမူရွာ၌ ကျင်းပပြုလုပ်ခဲ့သည့် ထိုပွဲကို ထိပ်ပိုင်းခေါင်းဆောင်များဖြစ်သည့် ဒု-စစ်ဦးစီးချုပ် ခွန်နေဝင်းထွန်း၊ အတွင်းရေးမှူးချုပ် ခွန်သိန်းဖေ၊ သူရိယခမ်းအပါအဝင် ဒေသတွင်း ပြည်သူလူထုများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here