ပန်းလောင်မြစ်ရေမြင့်တက်မှုကြောင့် တံတားဦးမြို့နယ်ရှိ ကျေးရွာ(၃)ရွာအတွင်း ရေဝင်ရောက်နေ

0
26

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာအတွင်းသို့ ယနေ့ အောက်တိုဘာ ၄ ရက်က ပန်းလောင်မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်လျက်ရှိကြောင်း မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

တံတားဦးမြို့နယ်ရှိ အေးကြည်ကုန်းကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ ဝန်ပတေ့ကျေးရွာများအတွင်းမှ နေအိမ်များအတွင်းနှင့်လမ်းများပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ရေဝင်ရောက်နေသည့်နေအိမ်များအတွင်းနေထိုင်သူများအား ရေဘေးလွတ်ကင်းရာသို့ တံတားဦးမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်ကလည်း မြစ်သားမြို့နယ်ရှိ ပန်းလောင်မြစ်ရေမြင့်တက်ခဲ့ခြင်းကြောင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၂၁)ခုအတွင်းသို့ ရေများဝင်ရောက်ခဲ့၍ အိမ်ထောင်စု(၅၂၂၆)စုမှ လူဦးရေ (၁၉၈၄၅)ဦး ရေဘေးအခက်အခဲကြုံတွေ့နေရသဖြင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း(၂၇)ခုသို့ လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းဝင်များက ကူညီပို့ဆောင်ပေးခဲ့ကြရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here