အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ဗီယက်နမ်သံအမတ်ကြီးမှ ဆက်လက်တာဝန်ယူသွားမည်

0
25

အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထိုင်းသံအမတ်ကြီးမှ ဗီယက်နမ်သံအမတ်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥက္ကဋ္ဌ တာဝန်များကို ဗီယက်နမ်သံအမတ်ကြီးမှ ဆက်လက်တာဝန်ယူလုပ်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

(၆၁) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီ၏ သံရုံးအကြီးအကဲများ အစည်းအဝေးကို အောက်တိုဘာ (၃)ရက်၊ နံနက် (၁၁)နာရီခွဲမှ နေ့လယ် (၁၂)နာရီ၊ မိနစ် (၄၀)အထိ ဒါကာမြို့အခြေစိုက် ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုး တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ ထိုင်းသံအမတ်ကြီး H.E. Mrs. Makawadee Sumitmor က အာဆီယံ-ဒါကာကော်မတီ၏ ဆောင်ရွက်ပြီးသည့် အစီအစဉ်များကို ပြန်လည်သုံးသပ်ခြင်းနှင့် အနာဂတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အာဆီယံ-ဒါကာကော်မတီ၏ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်ဖြစ်သည့် ASEAN Family Day ကျင်းပရေးကိစ္စရပ်များအပြင် သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်နေမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးပြီးနောက် အာဆီယံ-ဒါကာ ကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား ထိုင်းသံအမတ်ကြီးမှ ဗီယက်နမ်သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here