အောင်ပန်းမြို့တွင် စာသင်ကျောင်းအနီး ရပ်ထားသည့် ကားကို ဆိုင်ကယ်မှ အရှိန်ဖြင့်ဝင်တိုက်မိရာ ဆိုင်ကယ်မောင်းသူကို ဆေးရုံသို့ ပို့ဆောင်လိုက်ရ

0
20

ရှမ်းပြည်နယ် (တောင်ပိုင်း) အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက် စာသင်ကျောင်းအနီး ရပ်ထားသော ကားတစ်စီးအား အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်မှ အရှိန်ပြင်းပြင်းဖြင့် ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်း အမျိုးသားအား ဆေးရုံသို့ပို့ဆောင်လိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာ (၄)ရက်၊ညပိုင်းအချိန်က ၎င်းနေရာတွင်ကား နှင့် ဆိုင်ကယ်ယာဉ်တိုက်မှု ဖြစ်ပွားပြီး ဒဏ်ရာရ လူနာရှိရာ လာရောက်ကူညီပေးပါရန် အကူညီတောင်းခံချက်အရ နာရေးကူညီမှုအသင်း အောင်ပန်းမှ ကူညီရန်သွားရောက်ခဲ့ကြောင်း သိရသည်။

“စာသင်ကျောင်းနား ရပ်ထားတဲ့ ကားကို လွယ်မယ်ရွာမှာနေတဲ့ အမျိုးသား စီးလာတဲ့ ဆိုင်ကယ်က အရှိန်နဲ့ တိုက်မိတာ ထိခိုက်ဒဏ်ရာတွေရလို့ ဆိုင်ကယ်ယာဉ်မောင်းကို အောင်ပန်းဆေးရုံ အရေးပေါ်ဌာန ပို့ပေးလိုက်ကြတယ်။ ဆိုင်ကယ်ကတော့ အတော်လေး ပျက်စီးသွားတာတွေ့ရတယ်”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောပြသည်။

ဖြစ်စဉ်နေရာအရောက် ဆိုင်ကယ်မောင်း အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိထားရာ လိုအပ်သည့် ဆေးကုမှုများပေးပြီး အောင်ပန်းမြို့ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနသို့ အသင်းမှ လူနာတင်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here