အင်ဒိုက လက်ဘနွန်ရှိ ၎င်းနိုင်ငံသား ၆၅ ဦးကို ဘေးလွတ်ရာရွှေ့ပြောင်း

0
19

ဂျကာတာ၊အောက်တိုဘာ ၄

လက်ဘနွန်နိုင်ငံတွင် အစ္စရေးက လေကြောင်းမှတိုက်ခိုက်မှုများ‌ကြောင့် အင်ဒိုနီးရှားက လက်ဘနွန်မှ ၎င်း၏နိုင်ငံသား ၆၅ ဦးကို ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဝန်ကြီးဌာန၏ နိုင်ငံသားကာကွယ်စောင့်ရှောက်ရေး ညွှန်ကြားရေးမှူး က ကယ်ထုတ်လာသူများအနက် ၂၅ ဦးသည် နေအိမ်သို့ပြန်သွားကြပြီဖြစ်ပြီး ကျန်သူများသည်ဂျော်ဒန်နိုင်ငံတွင်ကျန်နေခဲ့ကြောင်း ပြောကြားခဲ့သည်။

လက်ရှိတွင် လက်ဘနွန်၌ အင်ဒိုနီးရှားနိုင်ငံသား ၁၁၆ ဦးရှိပြီး ဘေရွတ်တွင် ၈၃ ဦး နေထိုင်လျက်ရှိသည်။၎င်းတို့သည် အဓိကအားဖြင့် ကျောင်းသားများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် လက်ဘနွန်ဒေသခံများနှင့်လက်ထပ်ထားသည့် အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ကြသည်ဟုလည်းသိရသည်။

“အခြေအနေပိုဆိုးလာရင် ရွှေ့ပြောင်းရေးလုပ်ငန်းစဉ်က ပိုခက်ခဲလာမှာဖြစ်တဲ့အတွက် နေရပ်ပြန်ဖို့ နှောင့်နှေးမနေဖို့ သူတို့ကို သတိပေးထားပါတယ်” ဟုလည်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

လေပိုင်နက်ပိတ်ဖွယ်ရှိခြင်းကြောင့် အရှေ့အလယ်ပိုင်းသို့ ခရီးသွားလာမှုနှင့် ဖြတ်သန်းသွားလာမှုများကို ရွှေ့ဆိုင်းရန်လည်း အင်ဒိုနီးရှားအစိုးရက ၎င်း၏နိုင်ငံသားများအားတိုက်တွန်းထားသည်ဟုသိရသည်။

အင်ဒိုသာမက အမေရိက၊ဩစတြေးလျ၊ဗြိတိန်၊ပြင်သစ်၊ကနေဒါ၊ဂျာမနီနှင့်အီတလီတို့သည်လည်း လက်ဘနွန်ရှိ ၎င်းတို့၏နိုင်ငံသားများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးနိုင်ရန် အသီးသီးစီစဉ်ဆောင်ရွက်ခဲ့ကြသည်ဟုလည်းသိရသည်။

Ref 1 : ရှင်းဟွာ
Ref 2 : အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here