သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် အင်းလေးဒေသ ရေဘေးသင့် ပြည်သူများထံ သောက်ရေသန့်စက်ကြီးများနှင့် အိမ်သုံး သောက်ရေသန့်စက်များကို ကမ္ဘောဇဘဏ်မှ လှူဒါန်း

0
16

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသရှိ သောက်သုံးရေ အခက်အခဲ ဖြစ်နေသည့် ရေဘေးသင့် ပြည်သူများထံ သောက်ရေသန့်စက်ကြီး (၅) လုံးနှင့် အိမ်သုံး သောက်ရေသန့်စက် (၁၂၀၀) ကို ကမ္ဘောဇဘဏ်မှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ် ဝန်ထမ်းများမှ အောက်တိုဘာ (၅)ရက်တွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေသော အင်းလေးဒေသရှိ ပြည်သူများအတွက် အင်းလေးကန် အရှေ့၊ အနောက်၊တောင်၊ မြောက်နှင့် အလယ် (၅) နေရာ သတ်မှတ်ကာ တစ်နာရီ ရေလီတာ (၁၀၀၀) ထွက်ရှိသော လျှပ်စစ်ဓါတ်အားသုံး ရေသန့်စက်ကြီး (၅) လုံးနှင့် ရေသန့်ရေလှောင်ကန်များကိုပါ  တပါတည်း တပ်ဆင်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ဆင်လှူဒါန်းပေးသော သောက်ရေသန့်စက်ကြီးများတွင် ခေတ်မီ ရေသန့်စင် စနစ်များဖြစ်သည့် သံဓါတ်နှင့် အနယ်အနှစ် စစ်ထုတ် သန့်စင်ပေးသော စနစ်၊ အရောင်နှင့် အနံ့သန့်စင်စစ်ထုတ်ပေးသောစနစ်၊ ထုံးဓါတ်စစ်ထုတ်ပေးသောစနစ်တို့ အပါအဝင် ရေသန့်စင်စနစ် (၇)မျိုးဖြင့် ပေါင်းစပ်တည်ဆောက်ထားရာ ရရှိလာသော ရေသန့်များသည် WHO မှ သတ်မှတ်ထားသည့် PH Level အထိ သန့်စင်သော သောက်ရေသန့်များရရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေသန့်စက်ကြီးများကို မိုင်းသောက် ပထမ စာသင်တိုက်၊ ဟဲရာရွာမ ဓမ္မဗိမ္မာန်၊ ကျေးစားကုန်း(မြောက်)ဘုန်းတော်ကြီးကျောင်း၊ ညောင်ရွှေရန်ကုန်ကျောင်းနှင့် မိုင်းပျိုးပထမကျောင်းတို့တွင် တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရေသန့်စက်ကြီး (၅)လုံးမှ သက်ဆိုင်ရာ နယ်မြေအလိုက် ကျေးရွာများသို့ ရေသန့်များ နေ့စဉ် ထုတ်လုပ်ဖြန့်ဝေသွားမည်ဖြစ်ပြီး အနီးပတ်ဝန်းကျင်မှ ကျေးရွာများရှိ မိသားစုများအတွက် (၂၀) လီတာဆံ့ ရေသန့်ဗူးကြီးများကိုပါ တစ်ပါတည်း လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ကမ္ဘောဇဘဏ်ဝန်ထမ်းများက ဝေးလံခေါင်သီပြီး လျှပ်စစ်ဓါတ်အား မရရှိသော ကျေးရွာများအတွက် တစ်နိုင် တစ်ပိုင် အသုံးပြုနိုင်သော လျှပ်စစ်ဓါတ်အား မလိုသည့် အိမ်သုံး ရေသန့်စင်စက် (၁၂၀၀) ကိုလည်း ပေးအပ်လှူဒါန်းခဲ့ကြပြီး ဆက်လက်၍ ညောင်ရွှေမြို့ဦးစေတီသို့ သွားရောက်ကာ သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများကိုလည်း တစ်ပါတည်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here