ကမ်းခြေစောင့်တပ်ဖွဲ့၏ ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို ထပ်မံတိုးချဲ့မည်ဟု ကာချုပ်ဆို

0
29

ရေမိုင် ၁၃၀၀ ခန့်ရှိသည့် ကမ်းရိုးတန်း၊ ကျွန်းပေါင်း ၁၄၀၀ နှင့် ရေပြင်နယ်နိမိတ် စတုရန်းရေမိုင်(၁၄၃,၁၁၀ ဒသမ ၇၂)ရှိသည့် မြန်မာနိုင်ငံအတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို ယခုထက်များစွာသော ရေယာဉ်၊ လက်နက်ပစ္စည်းကိရိယာ၊ လူ့စွမ်းအားများကို တိုးချဲ့သွားရမည် ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ အောက်တိုဘာ ၆ ရက်မွန်းလွဲပိုင်းက အမှတ်(၃)ရေတပ်ဆိပ်ခံတံတား(သီလဝါ)၌ ကျင်းပခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ် တည်ထောင်ခြင်း(၃)နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နှင့် ၄၈ မီတာ အမြန်သွားကင်းလှည့်ရေယာဉ်(၄)စီး တပ်တော်ဝင်ခြင်းအခမ်းအနားတွင် ဂုဏ်ပြုအမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ်းခြေစောင့်တပ်ဖွဲ့သည် လူသားချင်းစာနာမှုအကူအညီပေးရေးကဏ္ဍတွင် သဘာဝဘေးဒုက္ခကယ်ဆယ်ခြင်း၊ ပင်လယ်ပြင်၌ အရေးပေါ်လိုအပ်ချိန်များတွင် အကူအညီပေးခြင်းတို့ကို ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ပင်လယ်ရေကြောင်းဆိုင်ရာ တရားမဝင်မှောင်ခိုလုပ်ငန်းများ၊ ဆိပ်ကမ်းများတွင် နိုင်ငံတကာရေယာဉ်များအားစစ်ဆေးကြပ်မတ်ခြင်းတာဝန်များကို ထမ်းဆောင်ကြရမည်ဟု မှာကြားသည်။

ထို့အပြင် တပ်ဖွဲ့ဝင်များသည် စစ်ရေးနှင့်မသက်ဆိုင်သည့် ပင်လယ်ရေကြောင်းရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေကြောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်း၊ ပင်လယ်ဓါးပြရန်ကာကွယ်တားဆီးနှိမ်နင်းခြင်းတို့ကို လူမှုဝန်ထမ်းတပ်ဖွဲ့တစ်ခုအသွင်တာဝန်ထမ်းဆောင်ရခြင်းဖြစ်သည်ဟု ပြောသည်။

” ကမ်းခြေစောင့်တပ်ဖွဲ့ဝင်တွေဟာ ရေကြောင်းသဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာမှာ အဓိကတာဝန်ယူဆောင်ရွက်ရတဲ့ Key Actors တွေဖြစ်သလို အဏ္ဏဝါဂေဟစနစ်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တဲ့ ပင်လယ်ပြင်ဆီယိုဖိတ်မှုနဲ့ ရေထုညစ်ညမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းတွေကိုလည်း တာဝန်ယူဖြေရှင်းရမယ့် အဖွဲ့အစည်းလည်းဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ကြောင့် များပြားလှသည့် ရေကြောင်းတာဝန်များကို ထမ်းဆောင်နေရသည့်အတွက် ကမ်းခြေစောင့်တပ်ဖွဲ့ကို နှစ်စဉ်တိုးချဲ့ဖွဲ့စည်းပေးနိုင်ခဲ့သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

” ကမ်းခြေစောင့်တပ်ဖွဲ့ဟာ ပြည်သူလူထုကို အကူအညီပေးဖို့ လူမှုဝန်ထမ်းအခြေပြုတပ်ဖွဲ့ Civilian-Oriented Troop တစ်ခုဖြစ်တာကြောင့် ပင်လယ်ရေကြောင်းအသုံးပြုသူ Mariners တွေကို ကူညီကယ်ဆယ်ဖို့နဲ့ အရပ်ဘက်ရေကြောင်း အာဏာပိုင်တွေ အဖွဲ့အစည်းတွေ Agency တွေရဲ့ လုပ်ငန်းတွေကို ပံ့ပိုးကူညီပေးရပါမယ်”ဟုလည်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here