မှော်ဘီမြို့နယ်တွင် အထည်ချုပ် စက်ရုံ ဖယ်ရီကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်စဉ်တွင် အမျိုးသမီး (၁)ဦး ေ-သဆုံးခဲ့ပြီး (၄၀)ကျော် ဒဏ်ရာရ

0
34

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပြည်လမ်း၊ သန္ဓေပင်ကျေးရွာ၊ အသုံးလုံး မှတ်တိုင်အနီးတွင် အထည်ချုပ်စက်ရုံ ဖယ်ရီကား အုတ်တံတိုင်းကို တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားရာ အမျိုးသမီး (၁)ဦး ေ-သဆုံးခဲ့ရပြီး (၄၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မှော်ဘီမြို့နယ်မီးသတ်စခန်းနှင့် ဒေသခံများထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာ (၇)ရက်၊ ည (၆)နာရီ (၄၉)မိနစ်အချိန်တွင် အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ နယ်မြေခံ လူမှုကူညီရေးအသင်းများ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် အမျိုးသမီး (၁)ဦးမှာ နေရာတွင်ပင် ေ-သဆုံးခဲ့ရပြီး ယာဉ်မောင်း အမျိုးသား အပါဝင် အရေးပေါ်လူနာ (၁၂) ဦး၊ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)ရ လူနာ(၃၀)ခန့်ရှိကြောင်း ဖြစ်စဉ်ကို သိရှိသူ တစ်ဦးထံမှ သိရသည်။

“ကြက်ဖြူကန်ကျေးရွာအပိုင် ရန်ကုန် – ပြည် ကားလမ်းမပေါ်မှာ ဖယ်ရီကား အုတ်နံရံကို ဝင်တိုက်ပြီး မှောက်တာ။ ဓါတ်တိုင်ကိုလည်း တိုက်မိတယ်။ လူနာတင်ယာဉ်တွေ အသွား အပြန်လုပ်ပြီး ဆေးရုံကို ပို့ပေးနေပါတယ်။ မှော်ဘီဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို ညတွင်းချင်း လွှဲလိုက်ရတာလည်းရှိတယ်။”ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ေ-သဆုံးသူနှင့် ထိခိုက်ဒဏ်ရာ မစိုးရိမ်ရသူများအား မေတ္တာမြိုင်လူမူအသင်းကား၊ စေတနာမွန်လူမူရေးအသင်းကား၊ မြို့မလူမူရေးအသင်းကား၊ မြင့်မြတ်လူမူရေးအသင်းကားနှင့် မဇ္ဇိုမလှိုင်းလူမူရေးအသင်း လူနာတင်ယာဉ်များဖြင့် မှော်ဘီမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်းပါ (၁၂)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်လွှဲပြောင်းကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here