ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် အဓိကတာဝန်ရှိသည့်အဖွဲ့အစည်းဖြစ်ဟု တပ်ချုပ်ပြော

0
6

ပြည်သူများ၏ လုံခြုံရေးကဏ္ဍအတွက် ရဲတပ်ဖွဲ့ဝင်များသည် အဓိကတာဝန်ရှိသည့်အဖွဲ့အစည်းဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းက ရန်ကုန်မြို့တွင်ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေး၌ ပြောကြားခဲ့သည်။

ဒီမိုကရေစီနိုင်ငံတွင် ရဲတပ်ဖွဲ့ဝင်များ၊ တရားရေးရာတာဝန်ရှိသူများ၊ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများက ဒီမိုကရေစီကိုအဓိကထိန်းကြောင်းပေးနိုင်ပြီး လုံခြုံရေးကဏ္ဍတွင် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာအရေးပါသည်ဟု ပြောသည်။

” ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ရင် အဓိကတာဝန်ရှိတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် စွမ်းရည်၊ စွမ်းအားရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ဖို့လိုပါတယ်။ ဒါ့ကြောင့် သင်တန်းကျောင်းတွေမှာ လေ့ကျင့်ရေးဆိုင်ရာတွေကို မှန်မှန်ကန်ကန်နဲ့ လေ့ကျင့်သင်ကြားပေးဖို့လိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ထို့ပြင် လက်တွေ့တာဝန်ထမ်းဆောင်ရာ၌ သင်ကြားထားသည်များကို ပြန်လည်အသုံးချနိုင်ရမည်ဖြစ်ပြီး ကျန်းမာကြံ့ခိုင်၍ နိုင်ငံတော်က အားထားရသည့်၊ ပြည်သူကအားကိုးရသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်ရန်လိုသည်ဟု မှာကြားသည်။

ထို့အတူ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ထမ်းဆောင်မှုအားအသိအမှတ်ပြု၍ လိုအပ်သည့်အုပ်ချုပ်ထောက်ပံ့မှုများနှင့် သက်သာချောင်ချိရေးတို့ကိုဆောင်ရွက်ပေးရမည်ဖြစ်ကာ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့တွင် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများက သင်ကြားထားသည့် အသိပညာ၊ အတတ်ပညာများကို အသုံးချဆောင်ရွက်သွားရမည်ဟု မှာကြားသည်။

” အုပ်ချုပ်ရေးဆိုင်ရာကြပ်မတ်ကွပ်ကဲဖို့ တာဝန်ရှိသူတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတို့လို အခြေခံစည်းမျဉ်း၊ စည်းကမ်းတွေကစပြီး အများပြည်သူကလိုက်နာစေဖို့ ကြပ်မတ်ဆောင်ရွက်ပေးရပါမယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

ထို့အတူ အခြေခံစည်းကမ်းများမှအစ လိုက်နာအောင်ထိန်းသိမ်းကြပ်မတ်နိုင်မှသာ မလိုလားအပ်သောအုပ်ချုပ်မှုဆိုင်ရာကိစ္စများဖြစ်ပေါ်လာမှုကိုတားဆီးနိုင်မည်ဖြစ်၍ မြို့တော်၏စည်းကမ်းထိန်းသိမ်းရေးပိုင်းကို အလေးထားဆောင်ရွက်ရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here