လားရှိုးမြို့ ရပ်ကွက်အချို့တွင် MPT ဖုန်းလိုင်း ပြန်ရနေ

0
43

ရှမ်း/မြောက် လားရှိုးတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ အားလုံးကို အောက်တိုဘာ(၆)ရက်မှစ၍ ဖြတ်တောက်ထားရာမှ ယနေ့ အောက်တိုဘာ (၈)ရက်တွင် ရပ်ကွက်အချိူ့၌ MPT ဖုန်းလိုင်းအချို့ ပြန်ရနေကြောင်း သိရသည်။

“လားရှိုးဖုန်းလိုင်း MPTဆက်လို့ရနေပါပြီ၊ ရပ်ကွက် ၉/၈/၇ ဘက်တွေမှာပါ၊ WiFi ကတော့ မရပါ၊ မြို့ခံတွေအဆင်ပြေကြပါတယ်။ စိတ်ပူကြမှာစိုးလို့ပါ” ဟု မြို့ခံတစ်ဦးက လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် အသိပေးမျှဝေထားသည်။

ထိုနည်းတူ လားရှိုးမြို့ ဝင်ထွက်ခွင့်အား ကန့်သတ်ထားခြင်းမျိုးမရှိဘဲ၊ မြို့ခံများ မိမိတို့ဆန္ဒအလျောက်သွားလာဝင်ထွက်ခွင့်ပြုထားသည်ဟု ဆိုသည်။

MNDAA လက်နက်ကိုင်အဖွဲ့သည် လားရှိုးမြို့တွင် အင်တာနက်လိုင်းများကို Star Link ကဲ့သို့သော ဝိုင်ဖိုင်စက်များ တပ်ဆင်ပြီး အသုံးပြုခွင့်ပေးထားခြင်းဖြစ်ကာ စက်တင်ဘာလမှစ၍ တပ်မတော်၏ တန်ပြန်လေကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှုများသည် ၎င်းတို့အထိုင်ချရာ နေရာများသို့ တိုက်ခိုက်ခံရသဖြင့် သတင်းပေးများရှိသည်ဟု ယူဆကာ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်းဖြစ်နိုင်သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့က သုံးသပ်ပြောကြားမှုများ ရှိနေသည်။

လက်ရှိတွင် လားရှိုးမြို့၌ ယခင်လိုစည်ကားမှုမရှိသေးသော်လည်း လူအသွားအလာရှိနေကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် မြို့နေလူထုမှ သတိဝီရိယနှင့် နေထိုင်သွားလာရသည့် အခြေအနေဖြစ်ကြောင်း စုံစမ်းသိရှိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here