ထိုင်းမှာ လေးလောင်းပြိုင် လူသတ်မှု ဖြစ်

0
50

ထိုင်းနိုင်ငံ ဆွန်ခလာမြို့တွင် တနင်္လာနေ့က မြူနီစပယ်ကောင်စီဝင်နှင့် သူ၏ မိသားစုဝင်များ သေဆုံးရသည့် အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုလုပ်နေပြီး ကောင်စီဝင်၏ ဇနီးဖြစ်သူသည် ၎င်းတို့အားလုံးကို ဆေးခတ်ခဲ့သည်ဟု ယုံကြည်ထားသည်။

လူသတ်ပြီး ကိုယ်တိုင်အဆုံးစီရင်သည့် အမှုဖြစ်စဉ်ကို တနင်္လာနေ့ ညနေ ၃း၄၅ နာရီတွင် ရဲတပ်ဖွဲ့ထံ သတင်းပေးခဲ့သည်ဟု မြောင်ဆွန်ခလာရဲစခန်းမှူး ရဲဗိုလ်မှူးကြီး Bantoen Laocharoen က ပြောဆိုသည်။

ဆိုင်းဘူရီလမ်းပေါ်ရှိ အဆိုပါ မိသားစု၏ နှစ်ထပ်နေအိမ်သို့ ရဲတပ်ဖွဲ့ရောက်ရှိသွားချိန်တွင် ကောင်စီဝင် Chaichan Khwanseng (၆၁ နှစ်) နှင့် သားဖြစ်သူ Khanet (၁၆ နှစ်) တို့၏ အလောင်းများကို မြေညီထပ် ဧည့်ခန်းအတွင်း တွေ့ရှိခဲ့ကြသည်။

ထို့နောက် ဒုတိယထပ်တွင် ကောင်စီဝင်၏ သမီးဖြစ်သူ Kotwakorn (၁၈ နှစ်) နှင့် ဇနီးဖြစ်သူ Natpapat (၄၇ နှစ်) တို့၏ အလောင်းများကို အိပ်ခန်းတစ်ခန်းစီတွင် ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ကြသည်။ ယင်းတွင် သေဆုံးသူ Natpapat သည် ၉မမ ပစ္စတိုတစ်လက် ကိုင်ထားလျက်သားတွေ့ခဲ့သည်ဟု ဆိုသည်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူများ၏ ဦးခေါင်းများတွင် သေနတ်ကျည်ဒဏ်ရာ တစ်ခုစီ ရှိခဲ့ကြောင်းနှင့် အလောင်းများတွင် Natpapat ၏ ခန္ဓာကိုယ်အပူချိန်သည် အနွေးဆုံးအနေအထားရှိသည့်အတွက် သူမသည် နောက်ဆုံး သေဆုံးသူဟု ရည်ညွှန်းနေကြောင်း ဆိုသည်။

မိခင်ဖြစ်သူ Natpapat သည် မိသားစုဝင်များကို အိပ်ဆေးနှင့် အခြားဆေးများ ခတ်ခဲ့ပြီးနောက် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်ထားကြသည်။

Natpapat သည် သူ၏ မိသားစု၌ အကြွေးများနစ်မွန်းလျက်ရှိကြောင်းကို ညီမဖြစ်သူအား ရင်ဖွင့်ခဲ့သည်ဟု သိရသည်။ အခင်းမဖြစ်မီတွင် သူသည် ဖခင်နေအိမ်သို့သွား၍ အိပ်ဆေးများ ယူဆောင်ခဲ့သည်ကို စုံစမ်းစစ်ဆေးသူများက စစ်ဆေးတွေ့ရှိခဲ့ကြသည်ဟုလည်း သိရသည်။

အခင်းဖြစ်ပွားချိန်က နေအိမ်မှ ထူးထူးခြားခြား အသံမျိုး မကြားခဲ့ရဟု အိမ်နီးချင်းများက ထွက်ဆိုခဲ့သဖြင့် ရုန်းရင်းဆန်ခတ်အခြေအနေမျိုး မဖြစ်ပွားဘဲ ပြစ်မှုကျူးလွန်ခဲ့ခြင်းဟု မှတ်ယူရကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။ 

Natpapat သည် ကနဦးက မီးရှို့၍ ကိုယ့်ကိုယ်ကိုယ်အသက်ရှုမွန်းကြပ် သတ်သေရန် ကြိုးစားခဲ့သော်လည်း နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကို ပစ်ခတ်အဆုံးစီရင်ခဲ့ခြင်းဖြစ်နိုင်သည်ဟု စုံစမ်းစစ်ဆေးသူများက ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here