အာဆီယံ တူညီဆန္ဒ (၅) ရပ်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခဲ့

0
30

(၄၅) ကြိမ်မြောက် အာဆီယံခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ထည့်သွင်းဆွေးနွေးရာ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅) ရပ် အပေါ် ပူးပေါင်းဆောင်ရွက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ 

လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အောက်တိုဘာ (၉)ရက်က ပြုလုပ်ခဲ့သည့် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

(၄၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည် ဖော် ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေး လမ်းပြမြေပုံ အကောင်အထည် ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေး တိုးမြှင့်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(၄၅) ကြိမ်မြောက် ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေးတွင် အာဆီယံတူညီဆန္ဒ (၅) ရပ်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

၎င်းသီးသန့်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က တူညီဆန္ဒ (၅) ရပ်အား မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများ၊ မြန်မာအစိုးရမှ နိုင်ငံအတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အကောင်အထည်ဖော်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် အာဆီယံ ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုအခွင့်အလမ်းများ တိုးမြှင့်အကောင်အထည် ဖော်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များနှင့် ဒေသတွင်း ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံ လူငယ်ခေါင်းဆောင်များအစည်းအဝေးတွင် အာဆီယံ၏ အနာဂါတ် လူငယ်များ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်မှု၊ ဒစ်ဂျစ်တယ်နှင့် ဉာဏ်ရည်တုနည်းပညာကဲ့သို့သော ခေတ်မီနည်းပညာများ အပေါ် အခြေခံသည့် ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့နှင့် စပ်လျဉ်း၍ အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here