(၂)နှစ်နှင့်(၈)လအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ်(၃၀၀)ဘီလီယံကျော်ဖမ်းဆီးရမိခဲ့

0
20

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂)နှစ်နှင့်(၈)လတာအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ်(၃၀၀ ဒသမ ၀၂၈)ဘီလီယံဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။

၎င်းမှ ယမန်နေ့ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းကကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင်ကုန်သွယ်များကိုဖမ်းဆီးရာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂)နှစ်နှင့်(၈)လအတွင်း အမှုတွဲ(၁၄၆၅၉)မှုမှ ခန့်မှန်းငွေကျပ်(၃၀၀ ဒသမ ၀၂၈)ဘီလီယံရှိခဲ့ပြီး ယင်းပမာဏသည် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်ပါက အနည်းငယ်သာရှိသည်ဟု ပြောသည်။

” ဒါ့ကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို တိုးမြှင့်ဖမ်းဆီးရမိနိုင်ဖို့အတွက် အလေးထားဆောင်ရွက်ရပါမယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားသည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်းဖမ်းဆီးရရှိမှုများ၌ အကောက်ခွန်ဦးစီးဌာနကအများဆုံးဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းများကို မန္တလေးတိုင်းမှအများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်မှာ တတိယအများဆုံးဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။

ဖမ်းဆီးရမိခဲ့သည့် ကုန်ပစ္စည်းများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here