တရားမဝင်ကုန်ပစ္စည်းများကို ပြည်တွင်းသိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူမည်

0
25

တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် ပြည်တွင်းသိုလှောင်ရုံများနှင့်ဈေးကွက်များအထိ တရားမဝင်ကုန်ပစ္စည်းများကို ဝင်ရောက်စစ်ဆေးသွားရမည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)တွင် မှာကြားခဲ့သည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးစစ်ဆေးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူရမည်ဟု မှာကြားသည်။

” ပြည်တွင်းက သယံဇာတပစ္စည်းများတွေကို တရားမဝင်ထုတ်လုပ်နေတာတွေကိုလည်း ထိထိရောက်ရောက်တားဆီးစစ်ဆေးအရေးယူရပါမယ်။ နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေကို တရားမဝင်ထုတ်လုပ်မှုမရှိစေဖို့ တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် ပိုမိုတားဆီးစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရပါမယ် “ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

အလားတူ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တိုင်းနှင့်ပြည်နယ်အလိုက်ရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် စစ်ဆေးရေးဂိတ်များတွင်မလိုလားအပ်သည့် ကုန်ကျစရိတ်များ၊ အချိန်ကြန့်ကြာမှုများမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟုပြောသည်။

ထို့အပြင် တရားမဝင်ရှောင်ကွင်းလမ်းများတွင် ရှောင်တခင်စစ်ဆေးခြင်း၊ မဖြစ်မနေဖြတ်သန်းသွားလာမည့် နေရာများတွင် စနစ်တကျစစ်ဆေးခြင်းများပြုလုပ်ရမည်ဟု မှာကြားသည်။

ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံအတွက် ရိုးသားစွာတာဝန်ထမ်းဆောင်ရန် လိုအပ်ကာ တာဝန်ကျဝန်ထမ်းများကို ဦးဆောင်ရသည့် တာဝန်ခံအရာရှိများအနေဖြင့်လည်း စံနမူနာပြဦးဆောင်၍ ကိုယ်တိုင်ရိုးသားရန်လိုအပ်သည်ဟု မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here