တောင်တရုတ်ပင်လယ်အရေး တရုတ်ဝန်ကြီးချုပ်ကို သမ္မတမားကို့စ် စိန်ခေါ်

0
43

ဗီယန်ကျင်း၊အောက်တိုဘာ ၁၀

ဖိလစ်ပိုင်သမ္မတမားကို့စ်သည် အာဆီယံထိပ်သီးအစည်းအဝေး၌ တရုတ်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများနှင့်ပတ်သက်၍ ပြင်းထန်စွာ ပြောဆိုခဲ့ကြောင်းသိရသည်။

အာဆီယံထိပ်သီးအစည်းအဝေး ပထမ နေ့ ၌ မြန်မာ့အရေးကို အဓိကထားဆွေးနွေးကြပြီးနောက် ဒုတိယနေ့တွင် တောင်တရုတ်ပင်လယ်အရေးကိုဆွေးနွေးခဲ့ကြသည်။ မကြာသေးမီကာလအတွင်းကပင် တောင်တရုတ်ပင်လယ်အတွင်း တရုတ်နှင့်ဖိလစ်ပိုင်သင်္ဘောများအကြား ထိတွေ့မှုများ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

သမ္မတမားကို့စ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နိုင်ငံ‌ေရး လုံခြုံရေးနှင့်ခွဲခြား၍ မရနိုင်ကြောင်း တရုတ်ဝန်ကြီးချုပ် မစ္စတာလီအားပြောကြားခဲ့ကြောင်းသိရသည်။

နိုင်ငံရေးမျက်နှာစာ၌ တင်းမာမှုများရှိနေစဉ် တရုတ်နှင့်အာဆီယံတို့သည် စီးပွားရေးမျက်နှာစာ၌ဟန်ဆောင်ခေါ်ပြောဆက်ဆံ၍ အဆင်ပြေမည်မဟုတ်ကြောင်း သမ္မတမားကို့စ်ကဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်နှင့်စည်းကမ်းပိုင်းဆိုင်ရာဆွေးနွေးမှုများကို အရှိန်ထပ်မြှင့်လုပ်ဆောင်သင့်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အာဆီယံထိပ်သီးအစည်းအဝေး၌ အာဆီယံခေါင်းဆောင်များက တောင်တရုတ်ပင်လယ်အရေးတွင် နိုင်ငံတကာဥပဒေများကိုလေးစားလိုက်နာကာ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်တိုက်တွန်းထားပြီး လတ်တလော ဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေသည့် ပြဿနာများကြောင့်လည်း တင်းမာမှုများ အရှိန်မြင့်တက်လာမည်ကိုစိုးရိမ်လျက်ရှိကြသည်။

Source : အာရ်အက်ဖ်အိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here