မန်းတောင်ခြေ ကျောက်တော်ကြီးဘုရား (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို ယနေ့တွင် ဘုရားအရှေ့မုခ်၌ ကျင်းပ

0
14

မန္တလေးတောင်ခြေ၊ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ အောက်တိုဘာ (၁၀)ရက် နံနက်ပိုင်းက ဘုရားအရှေ့မုခ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

(၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ယနေ့ အောက်တိုဘာ (၁၀)ရက်မှစတင်၍ သီတင်းကျွတ်လပြည့်ကျော် (၃) ရက်၊ အောက်တိုဘာ(၂၀)ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး လေးပြင်လေးရပ်မှ သံဃာတော် (၂၅၆၈) ပါးကို ဆွမ်းသပိတ်လောင်းလှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။

ဆွမ်းသပိတ်လောင်းလှူပူဇော်ရာတွင် ပါဝင်လောင်းလှူလိုသည့် ဆွမ်းသပိတ်အလှူရှင်များအနေဖြင့် အောက်တိုဘာ (၂၀) ရက် မတိုင်မီ ဂေါပကအဖွဲ့ရုံးသို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ဘုရားပွဲတော်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသူ ဘုရားဖူးပြည်သူများအတွက် ညနေပိုင်းတွင် စတုဒိသာကျွေးမွေးမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အဆိုပါ ကျောက်တော်ကြီးဘုရားပွဲကို သီတင်းကျွတ်လဆန်း (၁၃)ရက်မှစတင်၍ သီတင်းကျွတ်လပြည့်ကျော် (၇) ရက်အထိ ကျင်းပလေ့ရှိသော်လည်း ပွဲတော်မတိုင်မီ ယခုအချိန်ကတည်းကပင် ပွဲဈေးတန်းကြီးဖြင့်စည်ကားနေပြီဖြစ်ကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။

ကျောက်တော်ကြီးဘုရားမှာ မန္တလေးမြို့ မြောက်ဘက်၊ နန်းမြို့ရိုးကြီး၊ မြနန်းစံကျော်ရွှေနန်းတော်၏ အရှေ့မြောက်ဘက်၊ အောင်မြေသာဇံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန္တလေးတောင်ခြေရင်း သုဓမ္မာဇရပ်များအနီးတွင် တည်ရှိကာ ဉာဏ်တော်အမြင့် (၂၆)ပေ၊ (၆)လက်မ ဖြစ်ပြီး အလေးချိန် (၅၅၂၁၂၅) ပိဿာတန်ချိန် (၉၀၀)ခန့်ရှိကြောင်း သိရသည်။

ကျောက်တော်ကြီးဘုရားသည် မန္တလေးရတနာပုံ ရွှေမြို့တော်ကြီးကို တည်ထောင်တော်မူသော ပဥ္စမသင်္ဂါယနာတင် မင်းတုန်းမင်း၏ ကုသိုလ်ဖြစ်ပြီး မြို့တော်တည်ထောင်ပြီး (၅) နှစ်ခန့်အကြာ မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်၌ မတ္တရာမြို့ရှိ စကျင်တောင်မှ ရရှိသော တစ်လုံး တစ်ခဲတည်းသော စကျင်ကျောက်ကြီးကို ပုံတော်ကြမ်း ထုဆစ်စေခဲ့ပြီး မန္တ လေးသို့ သယ်ဆောင်ကာ မင်းတရားကြီးကိုယ်တိုင် မျက်ခုံး၊ မျက်ရေးတို့ကို ရေးဆွဲလျက် မဟာသကျမာရဇိန်ဟု ကမ္ပ ည်းတင်ခဲ့ကာ ကျောက်တော်ကြီးဘုရားမှာ ထက်ဝယ်ဖွဲ့ခွေနေတော်မူသည့် ရုပ်ပွားတော်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here