ငါးမျှားရင်း ချိတ်ပါလာသည့် မြန်မာမျိုးရင်းဘီးဝန်းလိပ်ကြီးကို ဂေါဝန်ဆိပ်မှာပြန်လွှတ်ခဲ့

0
11

မန္တလေးမြို့တွင် ငါးမျှားရင်း လည်ပင်းမှာချိတ်ငြိပြီး ပါလာသည့် မြန်မာမျိုးရင်းလိပ်တစ်မျိုးဖြစ်သည့် ဘီးဝန်းလိပ်ကြီးကို ယနေ့ အောက်တိုဘာ (၁၁) ရက်က ဂေါဝန်ဆိပ်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း Native Species Conservation & Identification အဖွဲ့(NSCI) ၏ လူမှုကွန်ရက်စာမျက်နှာ သိရသည်။

ဘီးဝန်းလိပ်များသည် အခွံအလျား (၂)ပေကျော်မှ (၃)ပေဝန်းကျင်ထိ ကြီးတတ်သည့် အခွံပျော့လိပ်မျိုးများဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများ၌ မကြာခဏ သ–တ်ဖြ–တ်စားသောက်ခံနေရသည့် အမျိုးအစားဖြစ်ကြောင်း (NSCI)က လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းလိပ်ကြီးများသည် အကောင်အရေအတွက် ရာဂဏန်းလောက်သာ ကျန်မည်ဟု ယူဆထားရပြီး အဓိကအားဖြင့် ဧရာဝတီ/ ချင်းတွင်း/ သံလွင်နှင့် စစ်တောင်းမြစ်ကြီးလေးစင်းအပါအဝင် အခြားမြစ်ချောင်းများ၌ ဖြန့်ကျက်နေထိုင်ကြကြောင်း သိရသည်။

ယခု လွှတ်ပေးခဲ့သည့် ဘီးဝန်းလိပ်ကြီးသည် ကျောခွံအစအဆုံး(ခေါင်းမပါ)အလျား နှစ်ပေနီးပါးရှိပြီး အလေးချိန် (၄)ပိဿာရှိ‌ကြောင်း သိရသည်။

ယင်းလိပ်များကို ဘုရားဘေးမဲ့ကန်များ၌ လွှတ်ပါက မျိုးဆက်ပြန့်ပွါးရန် အခက်အခဲရှိနိုင်သောကြောင့် သဘာဝမြစ်ချောင်းကြီးများ၌ ပြန်လွှတ်ကြရန်လည်း NSCI က တောင်းဆိုထားသည်။

ဓာတ်ပုံ – Native Species Conservation & Identification


LEAVE A REPLY

Please enter your comment!
Please enter your name here