မြန်မာ့အရေး နိုင်ငံတကာကစေ့စပ်ဆွေးနွေးပေးသင့်–အိန္ဒိယဝန်ကြီးချုပ်

0
40
India's Prime Minister Narendra Modi attends the 19th East Asia Summit during the 44th and 45th Association of Southeast Asian Nations (ASEAN) Summits in Vientiane on October 11, 2024. (Photo by NHAC NGUYEN / AFP)

ဗီယန်ကျင်း၊အောက်တိုဘာ ၁၁

လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ ကျင်းပခဲ့သည့် ၄၄ ကြိမ်နှင့် ၄၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် အိန္ဒိယဝန်ကြီးချုပ်က မိန့်ခွန်းပြောကြားစဉ် မြန်မာ့အရေးကိုပါထည့်သွင်းပြောကြားခဲ့ကြောင်းသိရသည်။

အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာ့အရေးကို လက်ပိုက်ကြည့်မနေဘဲ ဝင်ရောက်စေ့စပ်ညှိနှိုင်းပေးသင့်ကြောင်းနှင့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်သည်အရေးကြီးကြောင်းပြောကြားခဲ့သည်။

အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်အောင် ဖယ်မထားသင့်ကြောင်းနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ပြန်လည်ရှင်သန်ရန်အရေးကြီးကြောင်း တို့ကိုပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ဒီမိုကရေစီစနစ်ပြန်လည်ပေါ်ပေါက်ရန်မှာ အားလုံးအတူပူးပေါင်းဆောင်ရွက်မှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်သည်ဟုလည်း၎င်းက‌ ပြောကြားခဲ့သည်။

ယခုနှစ်အာဆီယံထိပ်သီးအစည်းအဝေး၌ ခေါင်းဆောင်များသည် ဒေသတွင်းပြဿနာများဖြစ်သည့် မြန်မာ့အရေးနှင့်တောင်တရုတ်ပင်လယ်အရေးများကိုအဓိကထားဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံပဋိပက္ခ၌ပါဝင်သည့် သက်ဆိုင်သူများအနေဖြင့် အရပ်သားပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်မှုများကိုရပ်တန့်ရန်လည်းတိုက်တွန်းခဲ့ကြသည်။

ဖိလစ်ပိုင်သမ္မတမားကို့စ်ကလည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး မဟာဗျူဟာသစ်တစ်ရပ်ရေးဆွဲရန်လိုနေပြီဖြစ်ကြောင်းပြောကြားလျှက် ထိုင်းနိုင်ငံက မြန်မာ့ပဋိပက္ခအတွက် ဆွေးနွေးမှုအသစ်တစ်ရပ်ထပ်လုပ်ရန်ပြောကြားခဲ့သည်။

ထိုင်း၏အဆိုတင်သွင်းမှုကို လာအိုနှင့်မလေးတို့ကထောက်ခံခဲ့ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ကမူ မြန်မာ့အရေးသည် ရှုပ်ထွေးသည့်ကိစ္စဖြစ်သဖြင့် အချိန်နှင့်စိတ်ရှည်သည်းခံမှုလိုအပ်သည်ဟုဆိုခဲ့သည်။

Ref : အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန


LEAVE A REPLY

Please enter your comment!
Please enter your name here