ကုလ၏ မြန်မာနှင့်ပတ်သက်သည့် အစီရင်ခံစာများတွင် မြန်မာနိုင်ငံ၏ အပြုသဘောပူးပေါင်းဆောင်ရွက်မှုများကိုသာ မြှင့်တင်ရန် နစကနိုင်ငံခြားရေးဌာန တိုက်တွန်း

0
27

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ယနေ့ အောက်တိုဘာ ၁၂ တွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာများနှင့်ပတ်သက်၍ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

၎င်းတို့၏ အစီရင်ခံစာများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကျိုးမပြုဘဲ ကုလသမဂ္ဂ၏ အချိန်နှင့်အရင်းအမြစ်များကိုလည်း အလဟသကုန်ခမ်းစေသည်ဟုဆိုသည်။

IIMM ယန္တရားကို မြန်မာနိုင်ငံအနေဖြင့် အသိအမှတ်ပြု လက်ခံထားခြင်းမရှိဘဲ ၎င်း၏ အစီရင်ခံစာသည် ခိုင်မာမှုမရှိသည့် အရင်းအမြစ်များအပေါ် အခြေခံထားကြောင်း၊ အလားတူ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာတွင်လည်း အတည်မပြုနိုင်သော အချက်အလက်များနှင့် အထင်အမြင်လွဲမှားစေသည့် အချက်များ ပါဝင်နေကြောင်း ဖော်ပြထားသည်။

ယင်းအစီရင်ခံစာများကြောင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား အထင်အမြင်လွဲမှားမှုကို ဖြစ်ပေါ်စေကာ အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အချက်အလက်များကိုလည်း ချန်လှပ်ထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

အထူးသဖြင့် ယင်းအစီရင်ခံစာတွင် PDF များနှင့် လက်နက်ကိုင်အဖွဲ့များ၊ AA ၏ အကြမ်းဖက်မှုများကို လျှော့ပေါ့ဖော်ပြထားပြီး၊ ထိတွေ့မှုဆိုင်ရာစည်းမျဉ်းနှင့် ပြည်တွင်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သော တပ်မတော်၏ တန်ပြန်တုံ့ပြန်မှုများကိုမူ တစ်ဖက်စောင်းနင်း ဖော်ပြထားသည်ဟု ဆိုသည်။

ထို့ကြောင့် ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီအရေးအတွက် မဆုတ်မနစ် ကြိုးပမ်းမှုများအပေါ် အသိအမှတ်ပြုရန် လိုအပ်ပြီး အပ်ကြောင်းထပ်နေသော ပုံစံတူယန္တရားများကို အဆုံးသတ်ကာ အပြုသဘောဆောင်သည့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ကုလသမဂ္ဂအား တိုက်တွန်းသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပုံစာ- ယခု အောက်တိုဘာ (၈)ရက်တွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/ လူသားချင်းစာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအေဂျင်စီများမှ ကိုယ်စားလှယ်များအား တွေ့ဆုံလျက် ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့သည့် မြင်ကွင်း


LEAVE A REPLY

Please enter your comment!
Please enter your name here