သီတင်းကျွတ် အားလပ်ရက်အတွက် ကမ်းခြေဒေသ ဟိုတယ်အခန်း ကြိုတင်မှာယူသူ ၆၀ ရာခိုင်နှုန်းသာရှိ

0
16

သီတင်းကျွတ် ပိတ်ရက်ကာလအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ချောင်းသာ၊ ငွေဆောင်နှင့် ရွှေသောင်ယံကမ်းခြေများရှိ ဟိုတယ်အခန်း ကြိုတင်မှာယူသူ ၆၀ ရာခိုင်နှုန်းသာရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

” ဒီနှစ်ကတော့ ကမ်းခြေတွေကို ပုံမှန်ရက်တွေမှာလည်း ခရီးသွားဧည့်သည်တွေ လျော့နည်းနေတယ်။လာမယ့် သီတင်းကျွတ်ကာလ အားလပ်ရက် အပန်းဖြေဖို့အတွက်ဆိုပြီး ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုတင်မှာယူတာတွေ အရမ်းနည်းနေသေးတယ်။ ပုံမှန်အရင်ကဆိုရင် ဒီလို အားလပ်ရက်နီးလာရင် ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေမှာ အခန်းကြိုယူတာ ၁၀၀ ရာခိုင်နှုန်းပြည့်သလောက် ဖြစ်ခဲ့တာ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဧရာဝတီတိုင်းရှိ ကမ်းခြေများတွင် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည့် ဟိုတယ်နှင့်တည်းခိုရိပ်သာ အလုံးရေ (၁၂၀) အထိရှိပြီး ပုသိမ်မြို့နှင့်တခြားဒေသများတွင် (၄၆) လုံး၊ ငွေဆောင်ကမ်းခြေတွင် (၃၅) လုံး၊ ချောင်းသာနှင့် ရွှေသောင်ယံကမ်းခြေတွင် (၃၉) လုံး ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ ငွေဆောင်ကမ်းခြေ၊ ရွှေသောင်ယံကမ်းခြေ၊ ချောင်းသာကမ်းခြေ ခရီးစဉ်များနှင့် ဆက်စပ်ပြီး ခရီးသွားဧည့်သည်များ လည်ပတ်နိုင်ရန်အတွက် သစ်တောဦးစီးဌာနများက ဆင်စခန်းများနှင့် ပေါင်းစပ်ပြီး မြွေကျွန်း၊ သမီးလှကျွန်း၊ လိပ်ကျွန်း စသည့်စိတ်ဝင်စားစရာ နေရာများကို စီစဉ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here