ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီးအား သီတင်းကျွတ်လပြည့်ည၌ ဆီမီးတစ်သောင်းပူဇော်မည်

0
20

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာ ၁၇ ရက်(သီတင်းကျွတ်လပြည့်)ညတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆီမီး(၁)သောင်းဖြင့် ထွန်းညှိပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ သီတင်းကျွတ်မီးထွန်းပွဲတော်ကိုလည်း အစိုးရအဖွဲ့မှကြီးမှူး၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း၌ ပထမအကြိမ် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ဥဒကဒေသစာရီ လှည့်လည်အပူဇော်ခံယူတော်မူရန် စံကျောင်းတော်သို့ပင့်ဆောင်ပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုလည်း ကျင်းပသွားမည်ဖြစ်သည်။

ထို့အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုသီတင်းကျွတ် မီးမျှော်ပူဇော်ပွဲ မင်္ဂလာမုဒ်ဦးကို အောက်တိုဘာ ၁၅ ရက်တွင်ဖွင့်လှစ်သွားမည်ဖြစ်ကာ ပျော်ပွဲရွှင်ပွဲများအဖြစ် အောက်တိုဘာ ၁၃ ရက်၊ ၁၄ ရက်၊ ၁၅ ရက်တို့၌ နိုင်ငံကျော်မျက်လှည့်ပညာရှင် စက္ကောမနှင့် ရဲဇော်ထွန်းအဆင့်မြင့်ဆက်ကပ်အဖွဲ့တို့မှ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ရုပ်ရှင်နှင့်ဗွီဒီယိုသရုပ်ဆောင် စွမ်းဇာနည်နှင့်အဖွဲ့၊ အောက်တိုဘာ ၁၈ ရက်တွင် မာမီသက်(ခ)ဖဝေးမောင်နှင့် ငလက်မတို့ပါဝင်သည့်အဖွဲ့များက ဖျော်ဖြေရေးယာဥ်ဖြင့် ပဲခူးမြို့တွင်း၌လှည့်လည်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပွဲတော်ကာလအတွင်း၌ ပဲခူးမြို့ရှိ လမ်းမကြီးများပေါ်တွင် ရောင်စုံအလှမီးဆိုင်းနှင့် ဓါတ်ပုံရိုက်ရန် မီးထွန်းအရုပ်များထားရှိပေးသွားမည်ဖြစ်ကာ စျေးရောင်းပွဲတော်များကိုလည်းထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here