အမေရိက,က ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တပ်ဖွဲ့ဝင်များကို အစ္စရေးဖြန့်ကျက်

0
28

အမေရိကသည် အစ္စရေးသို့ အဆင့်မြင့်ဒုံးဖျက်စနစ် ကို ပေးပို့နေသည်ဟု ပင်တဂွန်က ကြေညာခဲ့ပြီး သမ္မတ ဂျိုးဘိုင်ဒင်အစိုးရသည် အီရန်နှင့် တင်းမားမှုမြင့်တက်နေသော သူ၏ အဓိကမဟာမိတ်ကို ကာကွယ်ရန်ခိုင်မြဲသောဆုံးဖြတ်ချက် ရှိကြောင်း ပြသခဲ့သည်။

နိုင်ငံ၏ လေကြောင်းကာကွယ်ရေးကို မြှင့်တင်ရာတွင် အထောက်အကူပြုရန်အတွက် Terminal High Attitude Area Defense (THAAD) ဒုံးတပ်ခွဲနှင့် ဆက်စပ် စစ်သည်များကို အစ္စရေး၌ ဖြန့်ကျက်ချထားရန် ပင်တဂွန်အကြီးအကဲ လွိုက်အော်စတင်က ခွင့်ပြုချက်ပေးခဲ့သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

THAAD ဒုံးတပ်ခွဲသည် အစ္စရေး၏ ပေါင်းစပ် လေကြောင်းကာကွယ်ရေးစနစ်ကို မြှင့်တင်ပေးမည်ဖြစ်ကြောင်းနှင့် ယခုလုပ်ဆောင်ချက်သည် အစ္စရေးကို အကာအကွယ်ပေးမည့် အမေရိက၏ ခိုင်မာသော ကတိကဝတ်ကို အလေးထားခြင်းနှင့် အစ္စရေးရှိ အမေရိကန်နိုင်ငံသားများနှင့် အီရန်က ထပ်မံတိုက်ခိုက်လာနိုင်သော ပဲ့ထိန်းဒုံးကျည်များရန်မှကာကွယ်ရန် ဖြစ်သည်ဟု ပင်တဂွန်က ထုတ်ပြန်ချက်တွင် ပြောဆိုခဲ့သည်။

ဟားမတ်စ်၊ ဟစ်ဇ်ဘိုလာခေါင်းဆောင်များနှင့် အီရန်ဗိုလ်ချုပ်တစ်ဦးတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့မှုများအတွက် လက်တုန့်ပြန်မှုအဖြစ် အီရန်သည် အောက်တိုဘာ ၁ ရက်နေ့က အစ္စရေးကို ဒုံးကျည်အမြောက်အများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုဖြစ်အပြီး သီတင်းနှစ်ပတ်မပြည့်မီတွင် အမေရိက,က ယခုကဲ့သို့ ဒုံးကျည်ကာကွယ်ရေးစနစ်နှင့် တပ်ဖွဲ့ဝင်များ အစ္စရေးတွင် တပ်ဖြန့်လာခြင်းဖြစ်သည်။ Ref: အယ်ဂျာဇီးယား


LEAVE A REPLY

Please enter your comment!
Please enter your name here