အီရန်ရှိ စစ်ရေးပစ်မှတ်များကို တိုက်ခိုက်ရန်သာ စီစဉ်နေခြင်းဖြစ်ကြောင်း နေတန်ယာဟုက ဘိုင်ဒင်အား ပြောကြား

0
7

အစ္စရေးသည် အီရန်၏ နျူကလီးယားနှင့် ရေနံစက်ရုံများကိုမဟုတ်ဘဲ အီရန်ရှိ စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို‌ပြောကြားကြောင်း ဝါရှင်တန်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။

သတင်းရင်းမြစ်များအဆိုအရ အောက်တိုဘာ ၉ ရက်က ဘိုင်ဒင်နှင့် ဖုန်းခေါ်ဆိုမှုအတွင်း နေတန်ယာဟုက အီရန်တွင် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကိုသာ ပစ်မှတ်ထားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းစာကဆိုထားသည်။ ဆိုလိုသည်မှာ အစ္စရေးနိုင်ငံသည် “အတိုင်းအတာအပြည့်စစ်ပွဲကို တားဆီးရန် ရည်ရွယ်သည့် ကန့်သတ်ထားသောတန်ပြန်တိုက်ခိုက်မှု”ကို လိုက်နာခြင်းဖြစ်သည်။

နေတန်ယာဟု၏ ဤအကြံအစည်သည် အမေရိကန်အတွက် စိတ်သက်သာရာရကြောင်း သိရသည်။ အီရန်ရှိ ရေနံစက်ရုံများကို အစ္စရေးက တိုက်ခိုက်ပါက စွမ်းအင်ဈေးနှုန်းများ သိသိသာသာ တက်လာနိုင်ကြောင်နှင့်အတူ အီရန်နျူကလီးယားစက်ရုံများကို အစ္စရေးက တိုက်ခိုက်လျှင်လည်း စစ်ပွဲအရှိန် “နောက်ထပ် တိုးမြင့်လာ” စေနိုင်ပြီး လက်ရှိဖြစ်ပျက်နေသော ဖြစ်ရပ်များတွင် အမေရိကန်သည် အတိုင်းအတာတစ်ခုအထိ မပါမဖြစ် ပါဝင်လာရ‌တော့မည့် အန္တရာယ်ကို တိုးမြင့်စေနိုင်ကြောင်းတို့ကို ဝါရှင်တန်ပို့စ်သတင်းစာက ရေးသားထားသည်။

အီရန်နိုင်ငံရှိ နျူကလီးယားစက်ရုံများကို အစ္စရေးအနေဖြင့် တိုက်ခိုက်ရန်မသင့်ဟု ဘိုင်ဒန်က အောက်တိုဘာ ၂ ရက်တွင် ပြောကြားခဲ့‌သေးသည်။

သတင်းရင်းမြစ်များ၏ အဆိုအရနိုဝင်ဘာ ၅ ရက်တွင်ကျင်းပမည့် အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်မီ အစ္စရေးက အီရန်ရှိ စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ရန် မျှော်လင့်ထားကြောင်း ဝါရှင်တန်ပို့စ် သတင်းတွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here