သီတင်းကျွတ်လပြည့်ည မန္တလေးကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်ပွဲ ကျင်းပမည်

0
28

သီတင်းကျွတ်လပြည့်ည အောက်တိုဘာလ (၁၇)ရက်တွင် မန္တလေးမြို့ရှိ နန်းမြို့ရိုး ကျုံးထောင့်၌ ပုဂံရွှေစည်းခုံပုံတူစေတီကို ဆီမီး(၁၀၀၀၀) ထွန်းညှိပူဇော်ပွဲ၊ မီးထွန်းပွဲတော်၊ ဖျော်ဖြေရေးမဏ္ဍပ်နှင့် စတုဒိသာကျွေးမွေးခြင်း အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။

သီတင်းကျွတ်လပြည့်ညအတွက် ပုဂံရွှေစည်းခုံပုံတူစေတီကို ဆီမီး (၁၀၀၀၀) ထွန်းညှိပူဇော်ပွဲနှင့် အတူ မီးထွန်းပွဲတော်ကို ကျုံးတောင်ဘက် (၂၆) လမ်း၊ (၆၆)လမ်းနှင့် (၇၃) လမ်းကြားတွင် ရောင်စုံမီးပုံးအလှများ ချိတ်ဆွဲထွန်းညှိကာ အလှဆင်သွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

သီတင်းကျွတ်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို သီတင်းကျွတ် လပြည့်နေ့ အောက်တိုဘာ(၁၇)ရက်၊ ည(၆)နာရီတွင် (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်၌ ပြုလုပ်ပြီးနောက် မြို့တော်စည်ပင်သာယာရေးကော်မတီ ဖျော်ဖြေရေး မဏ္ဍပ်တွင် နိုင်ငံကျော် အဆိုတော်များနှင့် မြို့ခံအဆိုရှင်များက မန်းစည်ပင်ခေတ်ပေါ် တေးဂီတအဖွဲ့နှင့်အတူ ပွဲတော်သို့ လာရောက်သူများကို ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။

အခြားသော အစီအစဉ်များအဖြစ် ရိုးရာခြင်းလုံးခတ်ပွဲ၊ ဆင်အကနှင့် တင်ဆက်ဖျော်ဖြေခြင်းများ ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည့်အပြင် ကျုံးရေပြင်အတွင်း ဆီမီးမျှောခြင်း၊ မီးထွန်းခြင်း၊ မီးရူးမီးပန်းများ ပစ်လွှတ်ခြင်းနှင့် မီး ပုံးပျံလွှတ်တင်ပူဇော်ခြင်းများကိုပါ ထည့်သွင်းပြုလုပ်မည်ဖြစ်ပြီး ပွဲတော်ကို ယခင်နှစ်ကထက် ပိုမိုကောင်းမွန်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ (၂၆)လမ်း၊(၆၆)လမ်းနှင့် (၇၃)လမ်းကြားတွင် ပျော်ပွဲရွှင်ပွဲ ကစားစရာများ၊ ဈေးပွဲတော် ဆိုင်ခန်းများ ဖွင့်လှစ်ကာ၊ စတုဒိသာမဏ္ဍပ် (၁၂)ခုတို့က ည (၆)နာရီမှ ည (၁၀) နာ ရီအထိ ပွဲတော်လာ ပြည်သူများကို ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

Photo – internet


LEAVE A REPLY

Please enter your comment!
Please enter your name here