ထိုင်ဝမ်စီးပွားရေးသမားနှင့်လွှတ်တော်အမတ်တို့ကို တရုတ်ကပိတ်ဆို့အရေးယူ

0
38

ပေကျင်း၊အောက်တိုဘာ ၁၅

ထိုင်ဝမ်စီးပွားရေးသမား Robert Tsao နဲ့ လွှတ်တော်အမတ် Puma Shen တို့ကို ထိုင်ဝမ်လွတ်လပ်ရေးကို လိုလားသည့် လှုပ်ရှားမှုများအတွက် ဒဏ်ခတ်အရေးယူ ပိတ်ဆို့သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံကပြောကြားခဲ့သည်။

၎င်းတို့နှစ်ဦးနှင့်ဆက်နွယ်နေသည့် “Black Bear Academy” သည် ရေလက်ကြားဖြတ်ကျော်ဆက်ဆံရေးကို အန္တရာယ်ဖြစ်စေမည့် ခွဲထွက်ရေးဝါဒကို လှုံ့ဆော်ရန်ကြိုးပမ်းနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ထိုင်ဝမ်ရေးရာရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Tsao သည် Black Bear Academy အပါအဝင် ပုဂ္ဂလိကကာကွယ်ရေးလေ့ကျင့်မှုအစီအစဉ် နှစ်ခုကို ထောက်ပံ့ပေးရန် လွန်ခဲ့သည့်နှစ်နှစ်က ကတိပြုခဲ့သော ထိုင်ဝမ်၏ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သကဲ့သို့လက်ရှိအာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) လွှတ်တော်အမတ် Shen သည် Black Bear Academy သင်တန်းကိုကူညီပေးနေသူတစ်ဦးလည်းဖြစ်သည်ဟုဆိုသည်။

နိုင်ငံတော်ကောင်စီအဆင့် ထိုင်ဝမ်ရေးရာရုံးကမူ Tsao နှင့် Shen တို့ကို ထိုင်ဝမ်လွတ်လပ်ရေးလိုလားသူစာရင်းတွင်ထည့်သွင်းကာ ၎င်းတို့နှင့် အကယ်ဒမီကျောင်းတို့ကို ပိတ်ဆို့အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့် ထိုင်ဝမ်တစ်ဝိုက်တွင် တရုတ်နိုင်ငံဘက်ကစစ်ရေးလေ့ကျင့်မှုအသစ်များ ပြုလုပ်နေချိန်၌ ယခုလှုပ်ရှားမှုထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ယခုစစ်‌ရေးလေ့ကျင့်မှုသည် DPP ပါတီမှ ထိုင်ဝမ်ခေါင်းဆောင်လိုင်ချင်တီ၏ ခွဲထွက်ရေးလုပ်ရပ်များကို ဆန့်ကျင်သည့်သတိပေးချက်ဖြစ်ကြောင်း ပေကျင်းကပြောကြားခဲ့သည်။

ယခုပြုလုပ်သည့် ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် Tsao နှင့် Shen တို့သည် တရုတ်၊ဟောင်ကောင်နှင့် မကာအိုသို့ ခရီးသွားခြင်းကိုတားမြစ်ခံရမည်ဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်နေသောလုပ်ငန်းများအပါအဝင် အခြားချိတ်ဆက်ထားသော စီးပွားရေးလုပ်ငန်းများအားလုံးကိုပါ တရုတ်နိုင်ငံ၌ လုပ်ကိုင်ခွင့်ပြုမည်မဟုတ်ကြောင်းသိရသည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here