ဗုံးလန့်သည့် Air India လေယာဉ်ကို စင်ကာပူတိုက်လေယာဉ် ၂ စီး စောင့်ရှောက်ပေးခဲ့

0
32

စင်ကာပူနိုင်ငံဆီ ဦးတည်ပျံသန်းလာသည့် Air India Express လေယာဉ်သည် ဗုံးခြိမ်းခြောက်မှုအန္တရာယ်နှင့် ကြုံတွေ့ခဲ့ခြင်းကြောင့် အင်္ဂါနေ့က စင်ကာပူ လေတပ် သည် တိုက်လေယာဉ်နှစ်စင်း ကို စေလွှတ်ကာ Air India လေယာဉ်ကို ဝန်းရံစောင့်ရှောက်မှုပေးခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

လေယာဉ်ပေါ်တွင် ဗုံးပါလာသည်ဟု ဆိုသော အီးမေးလ် မက်ဆေ့ချ်ကို လေကြောင်းလိုင်းက ရရှိခဲ့ပြီးနောက် လူနေဧရိယာများနှင့် ဝေးရာနေရာတွင် ရောက်ရှိနေသည့် Air India ၏ AXB 684 လေယာဉ်ပျံ ဆီသို့ စင်ကာပူလေတပ်ပိုင် F-15SG တိုက်လေယာဉ်နှစ်စင်း ကို စေလွှတ်ကာ စောင့်ရှောက်ခေါ်ဆောင်ခဲ့သည်ဟု စင်ကာပူကာကွယ်ရေးဝန်ကြီး Ng Eng Hen က ဖေ့စ်ဘုတ်ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

တိုက်လေယာဉ်များက စောင့်ရှောက်လိုက်ပါပေးခဲ့သော လေယာဉ်သည် အင်္ဂါနေ့ည ၁၀း၀၄ နာရီတွင် ချန်ဂီလေဆိပ်သို့ ဘေးကင်းစွာ ဆင်းသက်ခဲ့ပြီး ယင်းဖြစ်စဉ်ကြောင့် စင်ကာပူ၏ မြေပြင်အခြေစိုက် လေကြောင်းကာကွယ်ရေးစနစ်များနှင့် ဗုံးရှင်းလင်းရေးအဖွဲ့များလည်း အသင့်အနေအထားရှိနေခဲ့သည်ဟု Ng u က ပြောဆိုသည်။

“မြေပြင်ကို ဆင်းသက်ရောက်ရှိတာနဲ့ လေယာဉ်ကို လေဆိပ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လုံခြုံရေး စစ်ဆေးမှုများ ကို ဆောင်ရွက်ခဲ့သော်လည်း လေယာဉ်ပေါ်၌ အန္တရာယ်ရှိသည့် ပစ္စည်းမျိုး မတွေ့ခဲ့ဟု ရဲတပ်ဖွဲ့က ပြောခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ကိုဆက်လက်လုပ်ဆောင်နေသည်ဟု သိရသည်။

ရဲတပ်ဖွဲ့အနေဖြင့် လုံခြုံရေး အန္တရာယ်များကို အထူးအလေးထားပြီး အများပြည်သူကို ရည်ရွယ်ချက်ရှိရှိ အထိတ်တလန့်ဖြစ်စေသူများကို အရေးယူရန် တွန့်ဆုတ်နေမည်မဟုတ်ဟု ရဲတပ်ဖွဲ့ကသတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ယခုဖြစ်ရပ်နှင့် ပတ်သက်၍ မေးမြန်းမှုကို Air India ဘက်က လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်းမရှိသေးပေ။ သို့ရာတွင် အဂါနေ့က ချန်ဂီလေဆိပ်သို့ ပျံသန်းနေသော ၎င်းတို့၏ အခြားလေယာဉ်များသည် အွန်လိုင်းပေါ်တွင် လုံခြုံရေးခြိမ်းခြောက်မှုပို့စ်တက်လာခဲ့ပြီးနောက် ကြိုတင်သတိထားသည့်အနေဖြင့် ကနေဒါတွင် ဆင်းသက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

Ref: ယူအက်စ်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here