ရေတိုက်စားမှုကြောင့် ကျိုးကျပျက်စီးသွားသည့် ဆိုက်ခေါင်တံတား ပြန်လည်ပြုပြင်နေစဉ် ထပ်မံကျိုးကျမှုဖြစ်ပွား

0
24

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားအား ယာယီသံဘေလီတံတားအဖြစ် ပြန်လည်တည်‌ဆောက်နေစဉ် ယနေ့ အောက်တိုဘာ (၁၇)ရက် နံနက် (၁၁)နာရီ ဝန်းကျင်အချိန်တွင် ထပ်မံကျိုးကျပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးထံက သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၀)ရက်၊ ညနေပိုင်းအချိန်က တောင်ကျချောင်းရေကြောင့် အဆိုပါ တံတားမှာ ရေလယ်တိုင်မှ ကျိုးကျပျက်စီးခဲ့ရပြီး၊ စက်တင်ဘာ (၂၇)ရက်မှစတင်၍ ယာယီသံဘေလီတံတားအစားထိုးတည်ဆောက်ပေးနေခြင်းဖြစ်သည်။

ထိုသို့ တည်ဆောက်နေစဉ် ယနေ့ အောက်တိုဘာ(၁၇)ရက်နံနက် (၁၁)နာရီအချိန်၌ တံတားကြမ်းခင်းနေစဉ် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ် အသေးစိတ်အား သိရှိနိုင်ရန်ပေါ်ပြူလာနယူးစ်အနေဖြင့် ဒေသခံများထံ ဆက်သွယ်မေးမြန်းရန်ကြိုးစားနေပြီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း အခက်အခဲကြောင့် အဆက်အသွယ် မရသေးပေ။

အဆိုပါ တံတား ပြန်လည်ပြင်ဆင်နေစဉ်အတွင်း ဒေသခံများအနေဖြင့် ကိုယ်ထူကိုယ်ထလုပ်ထားသည့် ဖောင်ဖြင့် တံတားတစ်ဘက်တစ်ချက်သို့ ကြိုးဖြင့်ဆွဲကာ ဖြတ်သန်းသွားလာနေရကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here