ရန်ကုန်တိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းနှင့် မြို့ပြင် (၅)နေရာတွင် သစ်ပင်လဲကျမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရ

0
43

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာ (၁၉) ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး လေပြင်းများ တိုက်ခတ်ရာ မြို့တွင်းနှင့် မြို့ပြင် (၅)နေရာတွင် သစ်ပင်လဲကျမှုများ ဆက်တိုက် ဖြစ်ပေါ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက်၊ သထုံလမ်းတွင် ယမန်နေ့ (၁၉) ရက်၊ ည (၈)နာရီ (၅၃)မိနစ်အချိန်ခန့်က သစ်ပင်ကြီးလဲကျနေကြောင်း သတင်းရရှိသဖြင့် ကမာရွတ်မြို့နယ်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အင်းစိန်လမ်းမပေါ်၊ YIT ကျောင်းအရှေ့တွင် အောက်တိုဘာ (၁၉)ရက်၊ ည (၈)နာရီ (၄၅)မိနစ်အချိန်ခန့်ကလည်း လုံးပတ်(၃)ပေခန့်ရှိသော သစ်ပင်တစ်ပင်လဲကျမှုဖြစ်၍ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ အင်းစိန်မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ အင်းစိန်မြို့နယ်ကြက်ခြေနီစေတနာ့လုပ်အားရှင်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၅၄) ရပ်ကွက်၊ ချယ်ရီ(၁)လမ်းတွင် အောက်တိုဘာ (၁၉) ရက်၊ ည (၈)နာရီ (၄၃)မိနစ်အချိန်ခန့်ကလည်း သစ်ပင်ကြီးလဲကျနေကြောင်း သတင်းအရ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အတူ အောက်တိုဘာ (၁၉) ရက်၊ ည (၈)နာရီ (၅) အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းတွင် သစ်ပင်လဲကျမှုဖြစ်ပွားလျက်ရှိရာ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်မှ လူစည်ကားရာ ညဈေးရှိ ဈေးကြီးအရှေ့ရပ်ကွက်၊ ဈေးကြီးလမ်းတွင် အောက်တိုဘာ (၁၉) ရက်၊ ညနေ့ (၅)နာရီ (၁၆)မိနစ်အချိန်ခန့်၊ သစ်ပင်လဲကျပြီး လမ်းပိတ်မှု ဖြစ်ပွားရာ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများမှ သွားရောက်ရှင်းလင်းခဲ့ရပြီး ညပိုင်းမှသာ ရှင်းလင်းရေးလုပ်ငန်းများပြီးစီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၁၉)ရက်၊ ည (၈)နာရီ (၂၃)မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်လမ်း၊ စိန်ဂေဟာဈေးဝယ်စင်တာ အနောက်ဘက်တွင် မီးလောင်မှုဖြစ်ပွားရာ ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည (၈)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းနှင့် ရှင်းလင်းရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၁၉)ရက် ညနေပိုင်းက ခေတ္တသာ မိုးရွာသွန်းခဲ့သော်လည်း မိုးမှာသည်းထန်လွန်းသဖြင့် ညနေ (၄) နာရီကျော်တွင် လေယာဉ်ခရီးစဉ်အချို့ နှောင့်နှေးခဲ့ရပြီး ညပိုင်းတွင်လည်း မိုးများသည်းထန်စွာ ဆက်လက်ရွာသွန်းပြီး လေပြင်းများက အရှေ့မြောက်မှ တိုက်ခတ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here