သီတဂူ ကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် နီပေါနိုင်ငံမှ ဆရာဝန်များအဖွဲ့က မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်

0
26

(၁၂)ကြိမ်မြောက် မျက်စိအလင်းအလှူတော်အဖြစ် သီတဂူကေတုမတီအာယုဒါနဆေးရုံတော် (တောင်ငူ)တွင် နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ဆရာဝန်များအဖွဲ့က မျက်စိဝေဒနာရှင်များအတွက် ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီတဂူကေတုမတီ အာယုဒါနဆေးရုံတော် (တောင်ငူ)တွင် ရွှေရတုတိပိဋကဆရာတော်နှင့် တပည့်ဒါယကာ ဒါယိကာမများ၊ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်(တောင်ငူ) ကျောင်းအုပ်ဆရာတော်နှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မျက်စိဝေဒနာရှင်များအတွက် အောက်တိုဘာ(၂၀)ရက်မှ အောက်တိုဘာ (၂၉)ရက် အထိ ကုသိုလ်ဖြစ် (အခမဲ့) စစ်ဆေးကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကုသပေးရာတွင် တစ်ရက်တာအတွက် သတ်မှတ်ထားသော စမ်းသပ်စစ်ဆေး လူနာစာရင်းအရေအတွက် ပြည့်သွားလျှင် စာအုပ်လုပ်ပြီး နောက်နေ့မှသာ ပြန်လည်စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး စောင်၊ ခေါင်းအုံးစသည့် အသုံးအဆောင်များကို မိမိတို့နှင့် တစ်ပါတည်းယူဆောင်လာရန် ကြိုတင်အသိပေးထားကြောင်း သိရသည်။

ကုသပေးမည့် ဆရာဝန်များမှာ နီပေါနိုင်ငံ Dr Bidya Pant ဦးဆောင်သော ရွှေရတုတိပိဋက စက္ခုပါလမျက်စိဆေးရုံ (ထီးဆောင်း)မှ မျက်စိဆရာဝန်များက အောက်တိုဘာ (၂၀) ရက်မှ အောက်တိုဘာ (၂၉)ရက် အထိ လူနာစာရင်းယူခြင်း စစ်ဆေးခြင်းတို့ ပြုလုပ်၍ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် မည်သည့် မျက်စိဝေဒနာရှင်မဆို လာရောက်ကုသနိုင်ပြီး စက္ခုဒါနပဒေသာပင် အလှူတော်ကိုလည်းပဒေသာပင်တစ်ပင်အတွက် သုံးသောင်းကျပ်ဖြင့် တစ်ဦးခြင်းဖြစ်စေ အစုအဖွဲ့ဖြင့်ဖြစ်စေ မိမိတို့ စိတ်ဆန္ဒရှိသရွေ့ အရှင်သြဘာသ 09797458932 (Kpay)၊ အရှင်ကဝိနန္ဒ 09685550514 (Kpay)သို့ အားပါးတရ လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here