အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်

0
31

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ခြေရှိသည့် အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် လက်ရှိ နောက် ၁၂ နာရီအတွင်း မုန်ုတိုင်းငယ်အဖြစ် ကနဦးရောက်ရှိမည်ဟု ယနေ့(အောက်တိုဘာ၂၂)ရက်၊ မိုး/ဇလ၏ နံနက် ခုနှစ်နာရီ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိပြီးနောက် အောက်တိုဘာ ၂၃ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ လည်းကောင်း၊ အောက်တိူဘာ ၂၄ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်-အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေ) သို့ ရောက်ရှိနိုင်ကာ ထိုမှတစ်ဆင့် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ကာ အောက်တိုဘာ ၂၅ရက် နံနက်အစောပိုင်းတွင် ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေတို့ကို ပူရီမြို့(Puri)နှင့် ဆာဂါကျွန်း(Sagar Island)တို့အကြားမှ ဖြတ်ကျော်နိုင်သည် ဟု မိုး/ဇလက ခန့်မှန်းထားသည်။

လက်ရှိတွင် အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလက ပြောသည်။

ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here