မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းနေမှုကြောင့် ရွှေပြည်သာတစ်မြို့လုံးနီးပါး အဆိုးရွားဆုံး ရေနစ်မြုပ်နေ

0
40

အောက်တိုဘာ (၂၀) ရက် ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ်သည်းထန်စွာ ရွာသွန်းနေမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် အဆိုးရွားဆုံး ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်နေကြောင်း ရွှေပြည်သာမြို့ခံများထံမှ သိရသည်။

အောက်တိုဘာ (၂၁) ရက် ညဦးပိုင်းမှ (၂၂) ရက် နံနက် အထိ မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ရွှေပြည်သာမြို့နယ် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် လှော်ကား၊ ဝါးတရာ၊ သာဓုကန်၊ အုပ်ဖို၊ သံဒင်း၊ ကျူကျောင်အပါအဝင် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၅) ၊ အမှတ်‌ (၆) ၊ အမှတ်(၈)၊ အမှတ် (၁၀) ၊ အမှတ် (၁၁) ၊ အမှတ် (၁၃) ရပ်ကွက်များနှင့် လှိုင်မြစ်ကမ်းအနီး အနိမ့်ပိုင်းရပ်ကွက်များအပါအဝင် တစ်မြို့လုံးနီးပါးရှိ နေအိမ်များအတွင်း ရေဝင် နစ်မြုပ်မှုများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

အမြင့်ပိုင်း ရပ်ကွက်များဖြစ်သည့် ဘုရင့်နောင်လမ်းမ ၊ နေအိမ်များ၊ ပတ္တမြားလမ်း ၊ ပုလဲလမ်းမတို့၏ လမ်းဘေးဝဲ/ယာရှိ နေအိမ်များအတွင်း၌ပါ ရေဝင်နစ်မြုပ်နေပြီး အနိမ့်ပိုင်း ရပ်ကွက်များတွင် ပိုမိုဆိုးရွားသည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။

” တချို့နေရာတွေဆို နှစ်ပေကျော်လောက်အထိ ရောက်တယ် ၊ တော်တော်များများမှာ တစ်ပေ၊ တစ်ပေကျော် လောက်ပေါ့။ တချို့လည်း ပေဝက်လောက် ရှိတယ်။ အိမ်ခြေအနေနဲ့ဆိုရင်တော့ တစ်မြို့လုံးနီးပါးဆိုတော့ သောင်းနဲ့ချီ ရှိမှာပေါ့။ ကယ်ဆယ်ရေး စခန်း သွားရတဲ့ အနေအထားတော့ မဟုတ်ဘူးပေါ့။ မိုးဆက်ရွာနေရင်တော့ ရေကပြန်ကျမှာ မဟုတ်သေးဘူး” ဟု ရွှေပြည်သာမြို့နယ် အမှတ်(၁၀) ရပ်ကွက်မှ ပြည်သူတစ်ဦးက ပြောသည်။

ရွှေပြည်သာမြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်သည့် ရေနှုတ်မြောင်းစနစ်များ ဖော်ဆောင်ထားခြင်းမရှိသည့်အတွက် နှစ်စဉ်မိုးရာသီတွင်ရေကြီးရေလျှံမှုနှင့် ကြုံတွေ့ရသော်လည်း ယခုတစ်ကြိမ်သည် အဆိုးရွားဆုံးအခြေအနေဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

” မြောင်းတွေက အကုန်ပိတ်ဆို့နေတာရယ် ၊ တချို့ရပ်ကွက်တွေဆို မြောင်းကို မရှိတာဆိုတော့ နှစ်တိုင်း မိုးသည်းသည်းရွာတာနဲ့ ရေကလျှံနေတာပဲ။ အခုတစ်ခေါက်ကတော့ အဆိုးဆုံးပေါ့။ တစ်မြို့လုံးကိုဖြစ်နေတော့လေ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ အားကောင်းသောလေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ဆက်လက်အားကောင်းလာကာ မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး အောက်တိုဘာ (၂၃) ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ (၂၄)ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ကြောင်းလည်း မိုး/ဇလက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here