ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသည့် ရွှေပြည်သာမြို့နယ်တွင် အမျိုးသမီး တစ်ဦး ဓါတ်လိုက် ေ-သဆုံးမှုဖြစ်ပွား

0
26

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပိတောက်လမ်းတွင် အဆောင်နေ အသက် (၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဓါတ်လိုက် ေ-သဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း ရွှေပြည်သာမြို့နယ် ဒေသခံများထံမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၃)ရက် နံနက် (၅)နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်မှာ ပိတောက်လမ်းမပေါ် သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်ကြိုးမှာ ပြတ်၍အောက်ရှိ ရေထဲသို့ ပြုတ်ကျနေသည်ကို မသိရှိဘဲ ၎င်းအမျိုးသမီးမှ အလုပ်သွားရန် အပြင်သို့ ထွက်လာချိန် ဓါတ်လိုက်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူတို့က ဆိုသည်။

“လမ်းပေါ်မှာ သွယ်တန်းထားတဲ့ လျှပ်စစ်ဓာတ်ကြိုးကအောက်ကရေထဲကို ပြုတ်ကျနေတာ။သူကအလုပ်သွားဖို့ အဆောင်အပြင်ဘက် လမ်းမပေါ်ကို ထွက်လာတာ။အဲဒီမှာ ဓာတ်လိုက်တယ်လို့ အော်ပြီးလဲကျ ေ-သဆုံးရတာပါ”ဟု အနီးနားဝန်းကျင်ရှိ ဒေသခံ တစ်ဦးက ပြောသည်။

အသက်ဆုံးရှုံးခဲ့ရသူ အမျိုးသမီးမှာ မနော်ဖူး အသက် (၄၀) နှစ်အရွယ်ဖြစ်ပြီး ၎င်းမှာ အဆောင်တွင် တစ်ယောက်တည်း တစ်ခန်းနေထိုင်သူ တစ်ဦးဖြစ်ကာ ၎င်းေ-သဆုံးမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အောက်တိုဘာ (၂၁)ရက်မှ စတင်၍ ရွှေပြည်သာတစ်မြို့နယ်လုံး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး ရေဘေးသင့် အိမ်ထောင်စုများအား မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံ ပရဟိတအသင်းများမှ ရေဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here