ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူများ ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်

0
41

ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင် နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ကြောင်း မြန်မာသံရုံး (ဗန်ကောက်) မှထုတ်ပြန်ထားသည်။

၎င်းတို့အနေဖြင့်ခွင့်ပြုချက် ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ (၁) နှစ် နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

MoU လုပ်သားများကဲ့သို့ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ အလုပ်လုပ်ကိုင် ခွင့်ပြုထားကြောင်း၊၎င်းတို့ကိုလည်း ဆက်လက်၍ (၂) နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်ပြီး၊ (၂) နှစ် သက်တမ်းတိုးခွင့်ရှိမည်ဖြစ်ကာ စုစုပေါင်း (၄) နှစ် ခွင့်ပြုမည်ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားသားအလုပ်သမားများအတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန် ကာလကို ယခင်က ရက် (၃၀) သတ်မှတ်ထားရာမှ ရက်ပေါင်း (၆၀) တိုးမြှင့်သတ်မှတ် ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန် ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်းလွတ်ခွင့်ပြုထားသည်။

သို့ဖြစ်ပါ၍ MoU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏ နိုင်ငံကူး လက်မှတ်တွင် သက်တမ်းအနည်းဆုံး ၂ နှစ်ခန့် ကျန်ရှိရေး၊ CI စာအုပ် ကိုင်ဆောင်ထားသူများအနေဖြင့် လည်း သက်တမ်း ၂ နှစ်ခန့် ကျန်ရှိစေရေး ပြုလုပ်ထားရန် လိုအပ်ကြောင်း၊နိုင်ငံကူးလက်မှတ်အသစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန် ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင်ရွက်ပေးလျက်ရှိပြီး သက်တမ်းကုန်/ သက်တမ်းမပြည့်မီသော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here