အရှေ့ဒဂုံမြို့နယ်မှ ရေဝင်ရောက်နေသ
ည့် ရပ်ကွက်(၃)ခုရှိ ဒေသခံများထံ ထမင်းဘူး၊ ရေသန့်ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်း

0
18

ရန်ကုန်တိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရသော ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက်(၃)ခုသို့ ထမင်းဘူး၊ ရေသန့်ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်များအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လှူဒါန်းပေးရာတွင် ယမန်နေ့ အောက်တိုဘာ (၂၃)ရက်၊ မနက်မှ ညနေအထိ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ (၆) ရပ်ကွက်၊ (၁၃) ရပ်ကွက်နှင့် (၁၄) ရပ်ကွက်အတွင်း ရေနစ်မြုပ်နေသည့် နေအိမ်များရှိ မိသားစုများထံ တစ်အိမ်လျှင် ထမင်းဘူး(၃)ဘူး၊ ရေသန့်(၃)ဘူးနှင့် ခေါက်ဆွဲခြောက်ထုပ်များ မျှဝေလှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

“အခုတော့ အရှေ့ဒဂုံထဲ ၅ ရပ်ကွက်၊ ၁၃ ရပ်ကွက်၊ ၁၁၀ နဲ့ ကျန်စစ်သားဘက်တွေ ရေနည်းနည်းစီ ပြန်ကျနေပါပြီ။ မိုးထပ်မရွာရင်တော့ ဆက်ကျနိုင်မယ်ထင်တယ်။ အိမ်ထဲရေဝင်နေတော့ ရေခပ်ထုပ်ရ ပစ္စည်းသိမ်းရတာတွေနဲ့က ချက်ပြုတ်ဖို့ အတော်လေးခက်ပါတယ်။ အခုလို လာလှူတာ ကျေးဇူးတင်ရပါတယ်။”ဟု အရှေ့ဒဂုံမြို့နယ် ၁၃ ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးက ပြောသည်။

ဘင်္ဂလားပင်အော်အတွင်း ဖြစ်ပေါ်နေသည့် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်မပြတ်ရွာသွန်းလာရာ ရန်ကုန်မြို့၏ မြစ်ချောင်းများအနီးနှင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် နေထိုင်သော ဒေသခံများ၏ နေအိမ်များ ရေနစ်မြုပ်ခြင်း၊ ရေလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရခြင်းစသည့် ရေကြီး၊ ရေလျှံမှုဒဏ်ခံစားနေရကြောင်း သတင်းများအရ သိရသည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ စေတနာအလှူရှင်များ လှူဒါန်းပေးသည့် ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများနှင့် အခြားစားသောက်ဖွယ်ရာများအား ၎င်းရပ်ကွက်များရှိ ရေဘေးသင့် ဒေသခံများ၏ နေအိမ်အရောက်၊ လက်ဝယ်အရောက် အခြား လူမှုကူညီရေးအသင်းများနှင့်အတူ လိုက်လံဝေငှပေးခဲ့ကြောင်း သိရသည်။

“ရေကြီးတဲ့ ဒဏ်ခံရပြီး ပြောင်းရွှေ့ဖို့မလိုအပ်ပေမယ့် ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိနေတဲ့ အိမ်ထောင်စုတွေကို ကျွန်တော်တို့ YRO က ဦးဆောင်ပြီး အရိုးကုန်းလူမှုကူညီရေးအသင်းအဖွဲ့ဝင်တွေ အခြားအဖွဲ့တွေနဲ့ စေတနာအလှူရှင်တွေ လူသားချင်း စာနာထောက်ထားသောအားဖြင့် ထမင်းဘူးတွေ သောက်ရေသန့်တွေ လိုက်လံဝေငှပေးနေတာ ဖြစ်ပါတယ်။ နောက်ရက်တွေလည်း ဆက်ပြီးလှူဒါန်းနိုင်ဖို့ ကြိုးစားနေပါတယ်။”ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ တာဝန်ရှိသူက ဆိုသည်။

အလားတူ အောက်တိုဘာ (၂၂)ရက်ကလည်း ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရသော ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၉) ရပ်ကွက်၊ ခရေလမ်းရှိ ဒေသခံများအား လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)မှ ထမင်းဘူးနှင့် ရေသန့်များ လှူဒါန်းပေးခဲ့သေးကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းအတွင်း မြို့နယ် (၁၀)မြို့နယ်ထက်မနည်း ရေကြီး၊ ရေလျှံမှုနှင့် ရင်ဆိုင်နေရပြီး အချို့မြို့နယ်များတွင်လည်း နေထိုင်စားသောက်ရေး အကူညီများ လိုအပ်နေသေးကြောင်းနှင့် ဆက်လက်ကူညီဝေငှပေးနိုင်ရန် YRO အဖွဲ့ဝင် အသင်းများနှင့် အလှူရှင်များမှ ထပ်မံကြိုးစားလျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ – ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here