မြန်မာ-အိန္ဒိယ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးတက်လျက်ရှိ၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော်ခဲ့ဟုဆို

0
26

၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ်(၆၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက နေပြည်တော်၌ ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား စီးပွားရေး၊ နည်းပညာနှင့် အခြားကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

နှစ်နိုင်ငံကုန်သွယ်မှုနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း(၁၁၅၀ ဒသမ ၁၈၁)ရှိခဲ့သည်ဟု ဆိုသည်။

” မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ ၊ ဒေသပေါင်း(၅၃)ခုထဲမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရဆိုရင် အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အဆင့်(၁၁)မှာရှိနေပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

ထို့ကြောင့် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံးကုန်သွယ်ဖက်နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေမည်ကို မျှော်လင့်ယုံကြည်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ရာဂီမုန်တိုင်းဖြစ်ပေါ်ချိန်၌ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်ဆွေကောင်းအဖြစ် အရေးပေါ်အခြေအနေတွင် ကူညီပေးခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုကို ထင်ဟပ်စေသည်ဟု ဆိုသည်။

ထို့ပြင် အိန္ဒိယနည်းပညာနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုဆိုသည့် ဖွံ့ ဖြိုးဆဲနိုင်ငံများအချင်းချင်းပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် အင်အားစုဖြစ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here