မြင်းခြံမြို့တွင် အုတ်တံတိုင်း ပြိုကျရာမှ အမျိုးသား (၁)ဦး ေ-သဆုံးခဲ့

0
20

မန္တလေးတိုင်ဒေသကြီး၊ မြင်းခြံမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)၊ မဟာဝါဠုကာရာမသဲပြင်ကျောင်းတိုက်အတွင်းရှိ အုတ်တံတိုင်း ပြိုကျရာမှ အမျိုးသား (၁)ဦး ေ-သဆုံးခဲ့ရပြီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း မြင်းခြံခရိုင်မီးသတ်စခန်းမှ သိရသည်။

ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၄)နာရီခွဲအချိန်ခန့်က မြင်းခြံမြို့ အမှတ်(၁၀၀)ရပ်ကွက်၊ နယ်မြေ(၇)၊  မဟာဝါဠုကာရာမ သဲပြင်ကျောင်းတိုက်ပိုင် ဘုရားလေးဆူစေတီ၏ အရှေ့ဘက်ရှိ အမြင့်(၈)ပေ၊ အလျား(၁၅၀)ပေခန့်ရှိသော အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အုတ်တံတိုင်းပြိုကျမှုဖြစ်ပွားကြောင်း သတင်းအရ မြင်းခြံခရိုင်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် အမျိုးသား (၁)ဦးမှာ အုတ်တံတိုင်းပိမိ ေ-သဆုံးခဲ့ရပြီး အမျိုးသား (၁)ဦးမှာ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများရရှိခဲ့ရာ နယ်မြေခံ နာရေးကူညီမှုအသင်းကားဖြင့် မြင်းခြံခရိုင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၄)ရက်၊ ည (၇)နာရီ မိနစ် (၂၀) အချိန်ခန့်ကလည်း မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ပြောင်းပြာချောင်းရေ မြင့်တက်လာရာ ချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်နှင့် မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၂၂)ရက်က မြင်းခြံမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး စွန်းလွန်းချောင်းရေ မြင့်တက်လာသည့်အတွက် အောက်တိုဘာ (၂၃) ရက်၊ နံနက်အစောပိုင်း(၂)နာရီအချိန်တွင် ချောင်းအနီးရှိ အိမ်ထောင်စုများအား မြင်းခြံခရိုင်နှင့် မြို့နယ်မီးသတ်စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရေဘေးလွတ်ရာသို့ ညတွင်းချင်း ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရသေးကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here