လှိုင်သာယာတွင် တစ်ရက်တည်း မီးလောင်မှု (၂) ကြိမ်ဖြစ်

0
14

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် ယနေ့အောက်တိုဘာ (၂၅)ရက် တစ်ရက်တည်းအတွင်း မီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညပိုင်းကလည်း ဓါတ်တိုင်မီးလောင်မှု ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

ယနေ့ အောက်တိုဘာ (၂၅)ရက်၊ ည(၆)နာရီ (၅၅)မိနစ်အချိန်ခန့်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ဒိုင်စုကျေးရွာ၊ ပန်းလှိုင်ဂေါက်ကွင်းလမ်း၊ စက်မှုဇုန်အပိုင်း(၆)တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်း၊ မရမ်းကုန်းမြို့နယ်မီးသတ်စခန်းများမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ခွာပြီး ဝိုင်းဝန်းငြှိမ်းသတ်ရာ မိနစ် (၂၀)နီးပါး ငြှိမ်းသတ်ခဲ့ပြီးနောက် ည (၇)နာရီ (၁၂)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ အောက်တိုဘာ (၂၅)ရက်၊ နံနက် (၁၀)နာရီ (၅၆)မိနစ်အချိန်ခန့်၊ လှိုင်သာယာမြို့နယ်၊ သိင်္ဂီ(၁)လမ်းနှင့် တပင်ရွှေထီးလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့သည့်အတွက် နံနက် (၁၁) နာရီ (၁)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ အောက်တိုဘာ (၂၄)ရက် ညနေ(၅)နာရီ (၄၅) မိနစ်အချိန်ခန့်ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၁)ရပ်ကွက်၊ အနော်ထာလမ်းနှင့် ပဲခူးလမ်းထောင့်ရှိ Wifi ကြိုးများ CCTV ကြိုး၊ ပုဂ္ဂလိကပိုင် ဆက်သွယ်ရေးကြိုးများ စုပေါင်းသွယ်တန်းထားသည့် ဓာတ်တိုင်တစ်တိုင် မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို အနီးနားဝန်းကျင်ရှိ ရပ်ကွက်နေ ပြည်သူများမှ မီးသတ်ဆေးဘူးများဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်သော်လဲ မရရှိ၍ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားချက်အရ လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် လာရောက်ငြှိမ်းသတ်ရာမှ အခြားသို့ မကူးစက်ဘဲ မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ – လှိုင်သာယာမြို့နယ်တွင် လျှပ်စစ်ဓါတ်တိုင် မီးလောင်ပုံ


LEAVE A REPLY

Please enter your comment!
Please enter your name here